ရှင်ယောဟန်-12

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ပသခါပွဲမတိုင်မီခြောက်ရက်က ယေရှုသည် သူသေတို့အထဲမှရှင်ပြန်ထမြောက်စေသူ လာဇရုနေရာ ဗေသနိရွာသို့ကြွရောက်တော်မူပြီးလျှင်၊
  • 2 ထိုရွာတွင် ကိုယ်တော့်အဖို့စားသောက်ပွဲကျင်းပကြရာ မာသလုပ်ကျွေးသမှုပြုလျက် ကိုယ်တော်နှင့်အတူ လာဇရုစားပွဲထိုင်ပါဝင်လျက်ရှိစဉ်၊
  • 3 မာရိသည် အဖိုးထိုက်သောနာဒုနံ့သာဆီစစ် အချိန်နှစ်ဆယ့်ငါးကျပ်ကိုယူလာ၍ ယေရှု၏ခြေတော်ကိုလိမ်းကျံလျက် ကိုယ့်ဦးဆံနှင့်သုတ်၏။ ထိုနံ့သာဆီနံ့လည်း တစ်အိမ်လုံး မွှေးကြိုင်လျက်ရှိ၏။
  • 4 သို့ရာတွင်တပည့်တော်တို့အပါအဝင် ကိုယ်တော်ကိုပို့အပ်မည့် ယုဒဣရှကာရုတ်က၊
  • 5 ထိုနံ့သာဆီကို ငွေသုံးရာနှင့်ရောင်းချ၍ သူဆင်းရဲများအား အဘယ်ကြောင့်မပေးမကမ်းခဲ့သနည်းဟုဆို၏။
  • 6 ထိုသို့ဆိုသည်မှာ သူဆင်းရဲများကိုဂရုပြုသောကြောင့်မဟုတ်။ ငွေအိတ်လွယ်သူဖြစ်၍ ထည့်သွင်းငွေကိုယူတတ်သော သူခိုးဖြစ်သောကြောင့်တည်း။
  • 7 ထိုကြောင့်ယေရှုက ငါ့ကိုသေခမ်းသေနားပြင်ရန်နေ့အဖို့ ထိုနံ့သာဆီကိုသိုထားပါလေစေ။
  • 8 သူဆင်းရဲများသည် သင်တို့နှင့်အစဉ်ရှိသည်။ ငါမူကား သင်တို့နှင့်အစဉ်နေသည်မဟုတ်ဟု မိန့်တော်မူ၏။
  • 9 ယုဒလူမျိုးအမြောက်အမြားတို့သည် ထိုရွာ၌ရှိတော်မူကြောင်းကြားသိသော်၊ ယေရှုအတွက်ကြောင့်သာမဟုတ်၊ သူသေတို့အထဲမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့သော လာဇရုကိုလည်း ရှုကြည့်ရန်ရောက်လာကြ၏။
  • 10 သို့နှင့်အညီ ပရောဟိတ်ကြီးတို့သည်လာဇရုအကြောင်းကြောင့် ယုဒလူမျိုးအများတို့ခွာသွား၍ ယေရှုကိုယုံကြည်ကြသဖြင့် လာဇရုကိုလည်းကွပ်မျက်ရန်တိုင်ပင်ကြ၏။
  • 11
  • 12 နောက်နေ့တွင် ပွဲသို့ရောက်လာသောလူပရိသတ်ကြီးသည် ယေရုရှလင်မြို့သို့ ယေရှုကြွရောက်တော်မူကြောင်းကြားသော်၊
  • 13 စွံပလွန်လက်ကိုယ်စီကိုင်၍ ခရီးဦးကြိုဆိုရန်ထွက်သွားလျက် အောင်သံပေးကြပါစေ။ ထာဝရဘုရားနာမတော်နှင့်ကြွလာတော်မူသော ဣသရေလလူမျိုး၏ဘုရင်၌ မင်္ဂလာရှိပါစေသောဟု ကြွေးကြော်ကြ၏။
  • 14 အိုသတို့သမီးဇိအုန်၊ မကြောက်နှင့်။ သင်၏ဘုရင်မင်းသည် မြည်းငယ်ကိုစီးကြွတော်မူသည်တကား ဟူသောကျမ်းချက်ရှိသည်နှင့်အညီ ယေရှုသည် မြည်းငယ်တစ်ကောင်ကိုတွေ့၍ စီးတော်မူ၏။
  • 15
  • 16 တပည့်တော်တို့သည် ထိုအကြောင်းအရာများကို အစကနားမလည်ကြ။ ယေရှုဘုန်းထင်ရှားသောအခါမူကား ကိုယ်တော်နှင့်စပ်၍ ထိုသို့ရေးထားလျက်ရှိသည်ကိုလည်းကောင်း၊ ကိုယ်တော်၌ ထိုသို့ဖြစ်ပျက်သည်ကိုလည်းကောင်း၊ သတိရကြ၏။
  • 17 လာဇရုကို သင်္ချိုင်းဂူမှခေါ်လျက် သူသေတို့အထဲမှရှင်ပြန်ထမြောက်စေတော်မူသည့်ကာလ၊ နောက်တော်ပါလူပရိသတ်သည် ထိုအကြောင်းကိုသက်သေခံကြသည့်ပြင်၊
  • 18 လူအမြောက်အမြားတို့လည်း ထိုနိမိတ်လက္ခဏာကို ပြတော်မူကြောင်းကြားသဖြင့် ခရီးဦးကြိုဆိုကြ၏။
  • 19 သို့ဖြစ်၍ဖာရိရှဲတို့က မည်သို့မျှမတတ်နိုင်ကြောင်းကြည့်ကြလော့။ သူ့နောက်တစ်လောကလုံးလိုက်သွားပြီတကားဟု အချင်းချင်းပြောဆိုကြ၏။
  • 20 ထိုကာလ ပွဲတွင်ဝတ်ပြုကိုးကွယ်ရန်ရောက်လာသူတို့အနက် ဂရိတ်လူမျိုးအချို့ပါရှိရာ၊
  • 21 ထိုသူတို့သည် ဂါလိလဲနယ်၊ ဗက်ဇဲဒမြို့သားဖိလိပ္ပုထံချဉ်းကပ်၍ ယေရှုကိုဖူးလိုပါသည်အရှင် ဟုဆိုသော်၊
  • 22 ဖိလိပ္ပုသည် အန္ဒြေထံသွား၍ပြောပြီးလျှင်အန္ဒြေနှင့်ဖိလိပ္ပုတို့သည် ယေရှုထံဝင်ရောက်လျှောက်ထားကြ၏။
  • 23 ယေရှုကလည်း၊ လူ့သားဘုန်းထင်ရှားရမည့်အချိန်ရောက်လေပြီ။
  • 24 ငါဧကန်အမှန်ဆိုသည်ကား၊ မျိုးစေ့သည် မြေသို့ကျ၍မပျက်လျှင် အစေ့အတိုင်းနေတတ်၏။ ပျက်လျှင်မူကား များစွာသီးတတ်၏။
  • 25 ကိုယ့်အသက်ကို နှမြောသူသည် အသက်ရှုံးတတ်၏။ ဤလောက၌ အသက်ကိုမနှမြောသောသူမူကား ကမ္ဘာအဆက်ဆက် အသက်ကိုစောင့်ထိန်းလိမ့်မည်။
  • 26 မည်သူမဆို ငါ့အစေကိုခံလျှင် ငါ့နောက်လိုက်စေ။ ငါ့စံရာ၌ ငါ့အစေခံလည်းရှိလိမ့်မည်။ မည်သူမဆိုငါ့အစေကိုခံလျှင် ထိုသူ့ကို ခမည်းတော်ချီးမြှောက်တော်မူလိမ့်မည်။
  • 27 ယခုမှာ ငါသည်စိတ်မသာ၍ မည်သို့လျှောက်ရအံ့နည်း။ အိုအဘ၊ ဤအချိန်နာရီမှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါဟူ၍လော၊ ဤအကြောင်းကြောင့်ပင် ယခုအချိန်တိုင် ငါရောက်လာပြီတကား၊
  • 28 အိုအဘ၊ နာမတော့်ဂုဏ်ကိုထင်ရှားစေတော်မူပါဟု လျှောက်ဆိုသော် ငါထင်ရှားစေခဲ့ပြီ။ တစ်ဖန် ထင်ရှားစေဦးမည်ဟု ကောင်းကင်မှဗျာဒိတ်တော်သံရောက်လာ၏။
  • 29 ထိုကြောင့် ရှိနေ၍ကြားကြသောလူပရိသတ်က မိုးချုန်းသည်ဟုဆိုကြ၏။ အချို့ကမူ စေတမန်တော်တစ်ပါးသူ့အားမြွက်ဆိုသည်ဟု ဆိုကြရာ၊
  • 30 ယေရှုက၊ ထိုဗျာဒိတ်တော်သံသည် ငါ့အတွက်မဟုတ်၊ သင်တို့အတွက်ရောက်လာပြီ။
  • 31 ယခုမှာ ဤလောကသည် စီရင်ဆုံးဖြတ်ခံရ၏။ ဤလောကမင်းလည်းနှင်ထုတ်ခံရတော့မည်။
  • 32 ငါသည် မြေပေါ်ကမြှောက်ထားခံရသော် လူခပ်သိမ်းကိုငါ့ထံသွေးဆောင်မည်ဟု မိန့်တော်မူ၏။
  • 33 ထိုသို့မိန့်တော်မူသည်မှာ မည်သို့အသေခံတော်မူရမည်ကို ဖော်ပြသတည်း။
  • 34 ထိုအခါ လူပရိသတ်က ခရစ်တော်သည်ကာလအစဉ်တည်တော်မူသည်ကို ပညတ္တိကျမ်းဖြင့် အကျွန်ုပ်တို့ကြားသိပါလျက် လူ့သားသည်မြှောက်ထားခံရမည်ဟု အသို့ဆိုပါသနည်း။ လူသားဆိုသည်မှာ မည်သူပါနည်းဟုမေးကြသည်နှင့်၊
  • 35 ယေရှုက အလင်းတော်သည်သင်တို့ဘောင်တွင် ကာလအတန်ငယ်ရှိနေတော့မည်။ မှောင်မိုက်မအုပ်မိစေရန် အလင်းတော်ရှိခိုက်သွားလာကြလော့။ မှောင်မိုက်၌သွားလာသူကား မည်သည့်အရပ်သို့ သွားသည်ကိုမသိတတ်။
  • 36 အလင်းတော်၏သားများဖြစ်စေခြင်းငှါ အလင်းတော်ရှိခိုက် အလင်းတော်ကိုယုံကြည်ကြလော့ဟုမိန့် တော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက် ယေရှုသည်ထွက်ကြွ၍ တိမ်းရှောင်တော်မူ၏။
  • 37 သူတို့ရှေ့တွင် နိမိတ်လက္ခဏာအများကိုပြတော်မူသော်လည်း ကိုယ်တော်ကိုမယုံကြချေ။
  • 38 ထိုသို့မယုံကြသည်မှာ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကြားရသောသတင်းကိုယုံကြည်သူ၊ ထာဝရဘုရား၏ လက်ရုံးတော်ကိုမြင်ရသူ၊ မည်သူနည်းဟူ၍ပရောဖက်ဟေရှာယဆင့်ဆိုချက်အတိုင်း ပြည့်စုံစေခြင်းငှါတည်း။
  • 39 သို့ဖြစ်၍သူတို့သည်မျက်စိနှင့်မြင်ခွင့်၊ စိတ်နှလုံးနှင့်နားလည်ခွင့်ရလျက် ငါ့ထံမှချမ်းသာရရန်ပြန်လာခွင့်မရှိစေခြင်းငှါ သူတို့မျက်စိကိုကန်းစေ၍ စိတ်နှလုံးကိုလည်း ခဲယဉ်းစေတော်မူလေပြီဟု ဟေရှာယဆင့်ဆိုပြန်သည်နှင့်အညီ သူတို့မယုံနိုင်ကြချေ။
  • 40
  • 41 ထိုသို့ ဟေရှာယဆင့်ဆိုသည့်အကြောင်းမှာ ကိုယ်တော်၏ဘုန်းတော်ကိုဖူးမြင်၍ ကိုယ်တော်ကိုရည်လျက် ကြားပြောနှင့်သတည်း။
  • 42 ထိုသို့ဆိုလျက်ပင် အရာရှိတို့အနက်အများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ သို့ရာတွင်ဘုရားသခင့်ထံအချီးအမွမ်းထက် လူတို့ထံအချီးအမွမ်းကို နှစ်သက်ကြသည့်အလျောက် အသင်းတော်မှ ထုတ်ပယ်ခံရမည်ကိုစိုး၍ ဖာရိရှဲတို့ကြောင့်ဝန်မခံဘဲနေကြ၏။
  • 43
  • 44 ယေရှုကလည်း ငါ့ကိုယုံကြည်သူသည် ငါ့ကိုယုံကြည်သည်မဟုတ်။ စေလွှတ်တော်မူလိုက်သောအရှင်ကို ယုံကြည်၏။
  • 45 ငါ့ကိုဖူးမြင်သူလည်း စေလွှတ်တော်မူလိုက်သောအရှင်ကိုဖူးမြင်၏။
  • 46 ငါ့ကိုယုံကြည်သူသည် မှောင်မိုက်၌မတည်မနေစေရန် အလင်းအဖြစ်ဤလောကသို့ ငါရောက်လာပြီ။
  • 47 မည်သူမဆို ငါ့ဒေသနာကိုကြားနာ၍မစောင့်ရှောက်လျှင် ထိုသူ့ကိုငါမစီရင်။ ငါသည်ဤလောကကို စီရင်ဆုံးဖြတ်ရန်မဟုတ်။ ကယ်တင်ရန်ရောက်လာပြီ။
  • 48 ငါ့ကိုငြင်းပယ်၍ ငါ့ဒေသနာကိုမနာမယူသောသူ၌ ဆုံးဖြတ်ရာဆုံးဖြတ်ကြောင်းရှိသည်မှာ၊ ငါသည်အလိုအလျောက်ဟောသည်မဟုတ်၊ မည်သို့ဟောပြောရမည့်အကြောင်း ငါ့ကိုစေလွှတ်တော်မူလိုက်သော ခမည်းတော်အမိန့်ထုတ်ဆင့်တော်မူပြီးဖြစ်သောကြောင့် ငါဟောသောတရားပင် နောက်ဆုံးနေ့၌ထိုသူ့ကို စီရင်ဆုံးဖြတ်လိမ့်သတည်း။
  • 49
  • 50 ထိုအမိန့်တော်သည် ထာဝရအသက်တည်ရာတည်ကြောင်းဖြစ်သည်ကိုငါသိသဖြင့် ငါမိန့်ဆိုချက်များကို ခမည်းတော်ဗျာဒိတ်ပေးတော်မူသည့်အတိုင်းပင် ငါပြန်ကြားသည်ဟု ကြွေးကြော်၍မိန့်တော်မူ၏။
回到本卷目录 回到本版本目录 回到首页