ရှင်ယောဟန်-11

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထိုအခါ မာရိနှင့်အစ်မမာသတို့နေထိုင်ရာ ဗေသနိရွာသားလာဇရုဆိုသူသည် နာလျက်ရှိနေ၏။
  • 2 နာနေသောလာဇရု၏အစ်မဖြစ်သော ထိုမာရိကား၊ အရှင်ဘုရားကိုနံ့သာဆီလိမ်းကျံ၍ ခြေတော်ကိုဦးဆံနှင့်သုတ်သောသူတည်း။
  • 3 ထိုညီအစ်မတို့သည် အရှင်ဘုရား၊ ကိုယ်တော်ချစ်တော်မူသူနာလျက်နေပါသည်ဟု စေလွှတ်လျှောက်ထားကြရာ၊
  • 4 ယေရှုကြားတော်မူသော် ဤရောဂါသည် သေခြင်းအလို့ငှါမဟုတ်။ ဘုရားသခင့်သားတော်၏ဘုန်းထင်ရှားစေရန် ဘုရားသခင့်ဘုန်းတော်အဖို့ဖြစ်သည်ဟု မိန့်တော်မူ၏။
  • 5 ယေရှုသည် မာသမှစ၍ညီမနှင့်လာဇရုတို့ကို ချစ်တော်မူသည့်အတိုင်း၊
  • 6 နာနေသောသတင်းကြားသော် ရှိနေရာအရပ်တွင် နှစ်ရက်ဆက်လက်နေထိုင်တော်မူပြီးလျှင်၊
  • 7 တပည့်တော်တို့အား၊ ယုဒပြည်သို့ တစ်ဖန်သွားကြကုန်အံ့ဟု မိန့်တော်မူ၏။
  • 8 ထိုအခါ တပည့်တော်တို့က၊ ဆရာတော်၊ ယုဒလူမျိုးတို့သည်ယခုပင်ပစ်ခတ်ရန်ရှာကြံသည်ဖြစ်ပါလျက်၊ ကြွပြန်တော်မူဦးမည်လောဟုဆိုကြရာ၊
  • 9 ယေရှုက တစ်နေ့တွင်တစ်ဆယ့်နှစ်နာရီရှိသည်မဟုတ်လော။ လူသည်နေ့အခါ၌သွားလာလျှင် ဤလောက၏အလင်းကိုမြင်ရသောကြောင့် တိုက်လဲမည်မဟုတ်။
  • 10 ညဉ့်အခါတွင်သွားလာလျှင်မူကား သူ၌အလင်းမရှိသောကြောင့်တိုက်လဲတတ်သည်ဟု ပြန်၍မိန့်တော်မူ၏။
  • 11 ထိုသို့မိန့်တော်မူပြီးနောက် တပည့်တော်တို့အား ငါတို့အဆွေလာဇရုအိပ်ပျော်လေပြီ။ သို့ရာတွင်သူ့ကိုနိုးထစေခြင်းငှါ ငါသွားမည်ဟုမိန့်တော်မူရာ၊
  • 12 တပည့်တော်တို့က အရှင်ဘုရား၊ အိပ်ပျော်လျှင် သက်သာပါလိမ့်မည်ဟုလျှောက်ဆိုကြ၏။
  • 13 ထိုသို့ယေရှုသည် သေခြင်းကိုရည်လျက်မိန့်တော်မူခဲ့သော်လည်း အိပ်ပျော်ခြင်းအကြောင်းမိန့်တော်မူသည်ဟု တပည့်တော်တို့ထင်မှတ်ကြသဖြင့်၊
  • 14 ယေရှုက လာဇရုသေပြီ။ သို့ရာတွင်သင်တို့ယုံကြည်စေခြင်းငှါ ထိုအရပ်၌ငါမရှိသည်နှင့် သင်တို့အတွက်ငါဝမ်းမြောက်၏။ သူ့ထံသွားကြကုန်အံ့ဟု အတည့်အလင်းမိန့်တော်မူသည့်ကာလ၊
  • 15
  • 16 ဒိဒုမုခေါ်သောမက၊ ငါတို့လည်း ကိုယ်တော်နှင့်အတူအသေခံရန်လိုက်သွားကြကုန်အံ့ဟု တပည့်တော်ချင်းတို့အားဆိုလေ၏။
  • 17 ယေရှုရောက်တော်မူသော် သင်္ချိုင်းဂူ၌လေးရက်ရှိခဲ့သည်ကို တွေ့တော်မူ၏။
  • 18 ဗေသနိရွာသည် ယေရုရှလင်မြို့အနီး ခရီးတစ်တိုင်ခန့်မျှကွာသည်ဖြစ်၍၊
  • 19 ယုဒလူမျိုးအများတို့သည် မာသနှင့်မာရိတို့ထံ မောင်နှင့်စပ်၍နှစ်သိမ့်စေရန်ရောက်လာကြ၏။
  • 20 မာသသည် ယေရှုရောက်တော်မူကြောင်းကြားသော် အိမ့်အတွင်းမာရိထိုင်နေစဉ် ခရီးဦးကြိုဆိုလျက်၊
  • 21 အရှင်ဘုရား၊ ကိုယ်တော်ရှိတော်မူခဲ့လျှင် တပည့်တော်မမောင်မသေလေပါ။
  • 22 ယခုလည်း ဘုရားသခင့်ထံကိုယ်တော်တောင်းလျှောက်သမျှအတိုင်း ဘုရားသခင်သနားတော်မူမည်ကို တပည့်တော်မ သိပါသည်ဟုလျှောက်သော်၊
  • 23 သင့်မောင် ရှင်ပြန်ထမြောက်လိမ့်မည်ဟုယေရှုမိန့်တော်မူ၏။
  • 24 မာသကလည်း နောက်ဆုံးနေ့တွင် သူသေတို့ရှင်ပြန်ထမြောက်သည့်ကာလ သူရှင်ပြန်ထမြောက်မည်ကို တပည့်တော်မ သိပါသည်ဟုလျှောက်ပြန်သော်၊
  • 25 ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။
  • 26 မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊
  • 27 ယုံပါ၏အရှင်ဘုရား၊ ကိုယ်တော်သည် ဤလောကသို့ကြွလာရမည့် ဘုရားသခင့်သားတော်တည်းဟူသော ခရစ်တော်ဖြစ်ကြောင်းကို တပည့်တော်မ ယုံကြည်ပါပြီဟုပြန်လျှောက်ပြီးလျှင်၊
  • 28 ထွက်သွား၍ ညီမမာရိကိုတိတ်တဆိတ်ခေါ်လျက် ဆရာတော်ရောက်လာ၍ သင့်ကိုခေါ်နေသည်ဟုဆို၏။
  • 29 ထိုစကားကို မာရိကြားသော် အလျင်အမြန်ထ၍၊
  • 30 ရွာထဲသို့မရောက်၊ မာသကြိုဆိုရာအရပ်တွင်ရှိနေတော်မူသေးသောယေရှုထံ သွားလေ၏။
  • 31 သို့ဖြစ်၍မာရိကိုနှစ်သိမ့်စေလျက် အိမ်တွင်ရှိနေသောယုဒလူမျိုးတို့သည် အလျင်အမြန်ထသွားသည်ကိုမြင်သော် သင်္ချိုင်းဂူသို့ငိုကြွေးရန်သွားသည်ထင်မှတ်၍ လိုက်သွားကြ၏။
  • 32 မာရိသည် ယေရှုထံသို့ရောက်၍ ကိုယ်တော်ကိုမြင်သည့်ကာလ၊ ခြေတော်ရင်းတွင်ပျပ်ဝပ်လျက် အရှင်ဘုရား၊ ကိုယ်တော်ရှိတော်မူခဲ့လျှင် တပည့်တော်မမောင် မသေလေပါဟုလျှောက်၏။
  • 33 ထိုအခါ မာရိငိုသည်ကိုလည်းကောင်း၊ လိုက်လာသောယုဒလူမျိုးတို့ငိုကြသည်ကိုလည်းကောင်း၊ ယေရှုမြင်တော်မူသော် စိတ်တော်ညှိုးငယ်ခြင်း၊ နှလုံးတော်မသာခြင်းဖြစ်၍၊
  • 34 အလောင်းကို အဘယ်မှာသွင်းထားကြသနည်းဟုမေးတော်မူရာ အရှင်ဘုရား၊ ကြွ၍ရှုတော်မူပါဟုလျှောက်ကြ၏။
  • 35 ထိုအခါ ယေရှုမျက်ရည်ကျတော်မူသဖြင့်၊
  • 36 ယုဒလူမျိုးတို့က မည်မျှချစ်သည်ကိုကြည့်ကြပါဟုဆိုကြ၏။
  • 37 အချို့ကလည်း သူကန်း၏မျက်စိပွင့်စေသောဤသူသည် လာဇရုကိုမသေအောင် မတတ်နိုင်လောဟု ဆိုကြ၏။
  • 38 သို့ဖြစ်၍ယေရှုသည် စိတ်တော်ထပ်ဆင့်ညှိုးငယ်လျက် ကျောက်လုံးနှင့်ပိတ်ထားရာဂူဖြစ်သောသင်္ချိုင်းသို့ ရောက်တော်မူလျှင်၊
  • 39 ကျောက်လုံးကိုဖယ်လိုက်ကြဟု မိန့်တော်မူသောအခါ သေသူ့အစ်မမာသက အရှင်ဘုရား၊ ယခုနံပါလိမ့်မည်။ သေသည်မှာ လေးရက်ရှိပါပြီဟုလျှောက်သော်၊
  • 40 ယေရှုက သင်ယုံလျှင် ဘုရားသခင့်ဘုန်းတော်ကိုမြင်ရလိမ့်မည် ငါဆိုခဲ့ပြီမဟုတ်လောဟု မိန့်တော်မူ၏။
  • 41 ကျောက်လုံးကိုဖယ်လိုက်ကြရာ ယေရှုမြော်ကြည့်လျက်၊ အိုအဘခမည်းတော်၊ အကျွန်ုပ်အားနားညောင်းတော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။
  • 42 အခါခပ်သိမ်းနားညောင်းတော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့ရာတွင် အကျွန်ုပ်ကိုကိုယ်တော်စေလွှတ်တော်မူလိုက်ကြောင်းယုံကြည်ကြစေရန် ပတ်လည်ရှိလူပရိသတ်အတွက်ကြောင့် ထိုသို့ လျှောက်ပါသည်ဟု မြွက်ဆိုတော်မူပြီးလျှင်၊
  • 43 လာဇရု၊ ထွက်ခဲ့ဟု ကျယ်သောအသံနှင့်အမိန့်ရှိတော်မူရာ၊
  • 44 သေလွန်သူသည် လက်ခြေများအဝတ်ပတ်စည်းလျက် မျက်နှာလည်းပဝါပတ်ရစ်လျက် ထွက်လာ၏။ ယေရှုကလည်း ဖြည်၍လွှတ်လိုက်ကြဟု မိန့်တော်မူ၏။
  • 45 ထို့ကြောင့် မာရိထံလာရောက်၍ ပြုတော်မူသောအမှုကိုကြည့်မြင်သောယုဒလူမျိုးအများသည် ကိုယ်တော်ကိုယုံကြည်ကြ၏။
  • 46 အချို့မူကား ဖာရိရှဲတို့ထံသွား၍ ယေရှုပြုတော်မူရာများကိုကြားပြောကြ၏။
  • 47 သို့ဖြစ်၍ပရောဟိတ်ကြီးနှင့်ဖာရိရှဲတို့လွှတ်တော်တက်ပြီးလျှင် ဤသူသည် နိမိတ်လက္ခဏာများစွာပြသည်ကိုထောက်၍ မည်သို့ပြုလုပ်ကြအံ့နည်း။
  • 48 ထိုသို့နေစေလျှင် သူ့ကိုလူခပ်သိမ်းယုံကြည်ကြလိမ့်မည်။ ရောမလူမျိုးတို့လည်းလာ၍ ငါတို့တိုင်းပြည်နှင့်လူမျိုးကို တိုက်သိမ်းကြလိမ့်မည်ဟု ဆိုကြရာ၌၊
  • 49 အပါအဝင်တစ်ယောက်၊ ထိုနှစ်တွင်ပရောဟိတ်မင်းဖြစ်သူကာယဖက သင်တို့သည်မည်သည်ကိုမျှမသိကြ။
  • 50 တစ်မျိုးလုံးမပျက်ရဘဲ လူမျိုးတော်အတွက် လူတစ်ယောက်အသေခံလျှင် သင့်လျော်သည်ကိုမစဉ်းစားကြဟု ဆို၏။
  • 51 ထိုသို့ဆိုသည်မှာ ကိုယ့်ဉာဏ်ဖြင့်မဟုတ်။ ထိုနှစ်တွင်ပရောဟိတ်မင်းဖြစ်၍ ယေရှုသည်ထိုလူမျိုးအတွက် အသေခံတော်မူရမည့်အကြောင်းကိုလည်းကောင်း၊
  • 52 ထိုလူမျိုးအတွက်သာမဟုတ်၊ အရပ်ရပ်ကွဲလွင့်လျက်နေသော ဘုရားသခင့်သားသမီးတို့ကိုတစ်စုတစ်ရုံးတည်းဖြစ်စေရန် အသေခံတော်မူရမည့်အကြောင်းကိုလည်းကောင်း၊ ပရောဖက်ဉာဏ်ဖြင့် ဟောပြောသတည်း။
  • 53 သို့နှင့်အညီ ထိုနေ့ကစ၍ ကိုယ်တော်ကိုကွပ်မျက်ရန်တိုင်ပင်ကြ၏။
  • 54 သို့ဖြစ်၍ယေရှုသည် ယုဒလူမျိုးတို့ဘောင်တွင် နောင်အထင်အရှားသွားလာတော်မမူဘဲ သဲတောစပ်ရှိ ဧဖရိမ်ခေါ်မြို့သို့ကြွရောက်၍ တပည့်တော်တို့နှင့်အတူနေထိုင်တော်မူ၏။
  • 55 ထိုအခါ ယုဒလူမျိုး၏ပသခါပွဲတိုင်လုနီးသည်ဖြစ်၍ အများတို့သည်ကျေးတောမှ ယေရုရှလင်မြို့သို့ သန့်စေခြင်းဝတ်ကိုပြုရန် ပွဲမတိုင်မီရောက်ကြရာ၊ ယေရှုကိုရှာ၍ ဗိမာန်တော်တွင်ရှိနေကြစဉ်၊
  • 56 မည်သို့ထင်ကြသနည်း။ သူသည်ပွဲသို့လာမည်မဟုတ်လောဟု အချင်းချင်းမေးမြန်းပြောဆိုကြ၏။
  • 57 ပရောဟိတ်ကြီးနှင့်ဖာရိရှဲတို့ကလည်း မည်သူမဆိုကိုယ်တော်ရှိရာအရပ်ကိုသိလျှင်၊ ဖမ်းဆီးရန်ပြရမည်ဟူ၍ အမိန့်ထုတ်ဆင့်ပြီးဖြစ်၏။
回到本卷目录 回到本版本目录 回到首页