ရှင်ယောဟန်-9

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ကိုယ်တော်သည်လျှောက်ကြွတော်မူစဉ် ဝမ်းတွင်းပါမျက်မမြင်ယောက်ျားတစ်ယောက်ကို မြင်တော်မူရာ၊
  • 2 တပည့်တော်တို့က ဆရာတော်၊ ဤသူသည်မျက်စိချို့လျက်ဖွားလာရသည်မှာ မည်သူ့ပြစ်မှုနည်း။ ဤသူလော။ မိဘတို့လောဟုမေးလျှောက်ကြသော်၊
  • 3 ယေရှုက ဤသူ့ပြစ်မှု၊ မိဘတို့ပြစ်မှုမဟုတ်။ သူ၌ ဘုရားသခင်၏အမှုတော်များထင်ရှားစေရန် ထိုသို့ဖြစ်သတည်း။
  • 4 မည်သူမျှလုပ်ဆောင်ခွင့်မရသော ညဉ့်အချိန်ရောက်တော့မည့်အလျောက် ငါ့ကိုစေလွှတ်တော်မူလိုက်သော အရှင့်အမှုတော်များကို နေ့အချိန်ရှိစဉ်ငါတို့ဆောင်ရွက်ရကြမည်။
  • 5 ငါသည် ဤလောက၌ရှိစဉ် ဤလောက၏အလင်းဖြစ်သည်ဟု မိန့်တော်မူပြီးလျှင်၊
  • 6 မြေပေါ်တွင်တံတွေးတော်ဖြင့်ရွှံ့လုပ်လျက်၊
  • 7 ထိုသူ၏ မျက်ကွင်းများကိုလိမ်းမံ၍ ရှိလောင်ရေကန်သို့ သွားရောက်ဆေးကြောလော့ ဟုမိန့်တော်မူသည့်အတိုင်း ထိုသူထွက်သွား၍ဆေးကြောပြီးမှ မြင်လျက်ပြန်လာ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟုဆိုလိုသတည်း။
  • 8 သို့ဖြစ်၍ သူတောင်းစားအဖြစ်မြင်ဘူးသူတို့နှင့်အိမ်နီးချင်းတို့က၊ ဤသူသည်ထိုင်၍ တောင်းစားသူမဟုတ်လောဟုဆိုကြရာ အချို့က ထိုသူပင်ဖြစ်သည်၊
  • 9 အချို့ကမဟုတ်ပါ၊ အဟန်တူသည်ဟုဆိုကြသော် သူကကျွန်တော်ပင်တည်းဟုပြန်ဆို၏။
  • 10 သို့ဖြစ်လျှင် သင့်မျက်စိမည်သို့ပွင့်သနည်းဟုမေးကြရာ၊
  • 11 ယေရှုဆိုသူသည်ရွှံ့လုပ်၍ ကျွန်တော့်မျက်ကွင်းများကိုလိမ်းမံပြီးလျှင် ရှိလောင်ရေကန်သို့သွား၍ ဆေးကြောလော့ဟု မိန့်ဆိုသည့်အတိုင်းသွားရောက်ဆေးကြောရာ မျက်စိမြင်ရကြောင်းပြန်ပြောသဖြင့်၊
  • 12 ထိုသူအဘယ်မှာနည်းဟုမေးကြသော် ကျွန်တော်မသိပါဟုပြန်ဆို၏။
  • 13 ယေရှုရွှံ့လုပ်၍မျက်စိပွင့်စေသောနေ့သည် ဥပုသ်နေ့ဖြစ်သည့်အလျောက် မျက်စိချို့ဘူးသူ့ကို ဖာရိရှဲတို့ထံခေါ်သွားကြရာ၊
  • 14
  • 15 မည်သို့မျက်စိမြင်ကြောင်း ဖာရိရှဲတို့မေးပြန်ကြသည့်ကာလ ထိုသူက၊ ကျွန်တော့်မျက်ကွင်းကို သူရွှံ့မံ၍ ကျွန်တော်ဆေးကြောလိုက်သည့်အခါ မြင်ရပါသည်ဟုပြန်ဆို၏။
  • 16 ထိုအခါဖာရိရှဲအချို့က ဤသူသည်ဥပုသ်နေ့ကိုမစောင့်သောကြောင့် ဘုရားသခင့်အထံတော်မှ မဟုတ်ဟူ၍လည်းကောင်း၊ အချို့က အပြစ်သားဖြစ်သူသည် ဤသို့သောနိမိတ်လက္ခဏာများကို အသို့ပြုနိုင်သနည်းဟူ၍လည်းကောင်း ဆိုလျက်ကွဲပြားကြသည်ဖြစ်၍၊
  • 17 တစ်ဖန် မျက်စိချို့ဖူးသူအား၊ သင့်မျက်စိပွင့်စေသည်မှာ ထို့သူ့အကြောင်းမည်သို့ဆိုသနည်းဟုမေး ကြသော် ပရောဖက်ဖြစ်ပါသည်ဟု ပြန်ဆို၏။
  • 18 ယုဒလူမျိုးတို့သည် မျက်စိမြင်ရသူ၏မိဘတို့ကိုခေါ်ပြီးလျှင်၊ ဤသူကား မျက်စိချို့လျက်ဖွားလာခဲ့ကြောင်း သင်တို့ဆိုကြသောသား ဟုတ်သလော။ ဟုတ်လျှင် မည်သို့ယခုမျက်စိမြင်ရသနည်းဟုစစ်မေးမှသာ အထက်ကမျက်စိချို့လျက် ယခုမြင်ရကြောင်းယုံကြ၏။
  • 19
  • 20 မိဘတို့က ဤသူသည် ကျွန်တော်တို့၏သားမှန်သည်။ မျက်စိချို့လျက် ဖွားလာသည်ကိုသိကြပါ၏။
  • 21 သို့ရာတွင် ယခုမည်သို့မျက်စိမြင်ရသည်ကိုလည်းကောင်း၊ မည်သူပွင့်စေသည်ကိုလည်းကောင်း၊ ကျွန်တော်တို့မသိပါ။ အရွယ်ရောက်လျက်ရှိသောသူ့ကိုမေးကြပါ။ ကိုယ့်အကြောင်းကိုယ်ပြောပါစေဟုပြန်ဆိုကြ၏။
  • 22 ထိုသို့ဆိုခြင်းကား၊ မည်သူမဆို ကိုယ်တော်ကိုခရစ်တော်ဖြစ်ကြောင်းဝန်ခံလျှင် အသင်းတော်မှ ထုတ်ပယ်ခံရမည်ဟူ၍ ယုဒလူမျိုးတို့ပြဋ္ဌာန်းပြီးဖြစ်သည့်အတိုင်း ယုဒလူမျိုးတို့ကိုကြောက်ရွံ့သောကြောင့်တည်း။
  • 23 သို့နှင့်အညီ အရွယ်ရောက်လျက်ရှိသောသူ့ကိုမေးကြပါဟု မိဘတို့ဆိုကြ၏။
  • 24 ထိုကာလ မျက်စိချို့ဖူးသူ့ကိုဒုတိယအကြိမ်ခေါ်၍ ဘုရားသခင့်ဘုန်းတော်ကိုချီးမြှောက်လော့။ ထိုသူသည် အပြစ်သားဖြစ်ကြောင်းငါတို့သိကြပြီဟု ဆိုကြသော် အပြစ်သားဖြစ်မဖြစ်ကျွန်တော်မသိ။
  • 25 သိသောအရာတစ်ခုမှာ မျက်မမြင်ဘူးသောကျွန်တော်သည် ယခုမြင်ရပါသည်ဟုပြန်ဆို၏။
  • 26 တစ်ဖန် သူသည်သင့်ကိုမည်သို့ပြုလုပ်သနည်း၊ မည်သို့သင့်မျက်စိပွင့်စေသနည်း ဟုမေးပြန်ကြသော်၊
  • 27 ကျွန်တော်ပြောခဲ့လေပြီ။ နားမစိုက်ကြ။ အဘယ်ကြောင့်ထပ်၍ကြားလိုကြသနည်း။ သူ့တပည့်ဖြစ်လိုကြသလောဟု ပြန်ဆိုရာ၊
  • 28 ထိုသူတို့ကဲ့ရဲ့လျက် သင်သည်သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှေ့တပည့်ဖြစ်ကြ၏။
  • 29 ဘုရားသခင်သည် မောရှေအားဗျာဒိတ်ပေးတော်မူကြောင်းငါတို့သိ၏။ ဤသူကား မည်သည့်ဇာတိဒေသကဖြစ်သည်ကိုမသိဟု ဆိုကြ၏။
  • 30 ထိုသူကလည်း အံ့သြဖွယ်တကား၊ ကျွန်တော့်မျက်စိကိုပွင့်စေလျက်ပင် မည်သည့်ဇာတိဒေသကဖြစ်ကြောင်း မသိကြလေစွ။
  • 31 ဘုရားသခင်သည် အပြစ်သားတို့အား နားညောင်းတော်မမူကြောင်းကိုလည်းကောင်း၊ ကြည်ညိုကိုးကွယ်လျက် အလိုတော်ကိုဆောင်ရွက်သူဖြစ်လျှင် နားညောင်းတော်မူကြောင်းကိုလည်းကောင်းသိကြပါ၏။
  • 32 ကန်းလျက်ဖွားလာသူ၏မျက်စိကို တစ်စုံတစ်ယောက်ပွင့်စေကြောင်း၊
  • 33 ကမ္ဘာဦးကစ၍မကြားရစဘူး။ ဤသူသည်ဘုရားသခင့်အထံတော်မှ မဟုတ်လျှင်၊ မည်သည်ကိုမျှပြုလုပ်နိုင်သည်မဟုတ်ဟု ပြန်ဆိုသဖြင့်၊
  • 34 သင်သည်အပြစ်၌ လုံးလုံးဖွားလာသူဖြစ်လျက် ငါတို့ကိုသင်ကြားသလောဟု ပြန်ဆိုပြီးလျှင် ထုတ်ပယ်လိုက်ကြ၏။
  • 35 ထိုသို့ထုတ်ပယ်လိုက်ကြောင်းကြားသဖြင့် ထိုသူ့ကိုရှာ၍တွေ့သော် ယေရှုက လူ့သားကိုယုံကြည်သလောဟုမေးတော်မူရာ၊
  • 36 အရှင်ဘုရား၊ ကျွန်တော်ယုံကြည်ရရန် လူ့သားမည်သူပါနည်းဟု ပြန်လျှောက်သည့်ကာလ၊
  • 37 ယေရှုက၊ သင်မြင်ဖူးခဲ့ပြီ။ သင်နှင့်ယခုပြောဆိုသူပင်ဖြစ်သည်ဟု မိန့်တော်မူသော်၊
  • 38 အရှင်ဘုရား၊ ကျွန်တော်ယုံကြည်ပါသည်ဟုဆိုလျက် ရှိခိုးလေ၏။
  • 39 ယေရှုကလည်း၊ မမြင်သူမြင်စေ။ မြင်သူကန်းစေဟူသောစီရင်ချက်တော်တည်စေရန် ဤလောကသို့ ငါ့ရောက်လာခဲ့ပြီဟု မိန့်တော်မူသည်ကို၊
  • 40 နောက်တော်ပါဖာရိရှဲတို့ကြား၍ ကျွန်ုပ်တို့လည်းမျက်စိကန်းသလောဟုမေးမြန်းကြသော်၊
  • 41 ယေရှုက၊ သင်တို့ကန်းလျှင် အပြစ်သင့်မည်မဟုတ်။ ယခုမူကား မြင်သည်ဟုဆိုကြသည်နှင့် သင်တို့၌အပြစ်တည်၏။
回到本卷目录 回到本版本目录 回到首页