ရှင်ယောဟန်-15

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ငါသည်မှန်သောစပျစ်ပင်ဖြစ်၏။ ဥယျာဉ်စောင့်ဖြစ်သောငါ့ခမည်းတော်သည်၊
  • 2 ငါ၌အသီးမသီးသောအခက်တိုင်းကို ခုတ်ပစ်တော်မူလျက် သီးသောအခက်တိုင်းကိုကား တိုး၍သီးစေရန်သုတ်သင်တော်မူ၏။
  • 3 သင်တို့သည် ငါဟောခဲ့သောတရားကြောင့် သုတ်သင်ပြီးဖြစ်သည်နှင့်အညီ၊
  • 4 ငါ၌သင်တို့တည်ခြင်း၊ သင်တို့၌ငါတည်ခြင်းဖြစ်စေကြလော့။ စပျစ်ခက်သည် ပင်မ၌မတည်လျှင်၊ အလျောက်ဘာသာ အသီးမသီးနိုင်သည့်နည်းတူ သင်တို့လည်းငါ၌မတည်လျှင် သီးနိုင်ကြသည်မဟုတ်။
  • 5 ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းက မည်သည်ကိုမျှသင်တို့မတတ်နိုင်။ မည်သူမဆိုငါ၌တည်၍ ငါလည်းထိုသူ၌တည်လျှင် များစွာသီးတတ်၏။
  • 6 ငါ၌မတည်သူမူကား စပျစ်ခက်နည်းတူ ထုတ်ပစ်ခြင်း၊ ညှိုးနွမ်းခြင်း၊ စုသိမ်းခြင်း၊ မီးတိုက်ခြင်း၊ ကျွမ်းလောင်ခြင်းကိုခံရတတ်၏။
  • 7 သင်တို့သည်ငါ၌တည်၍ ငါ့ဒေသနာလည်းသင်တို့၌တည်လျှင် လိုသမျှကိုတောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
  • 8 အသီးများစွာသင်တို့သီးခြင်းအားဖြင့် ငါ့ခမည်းတော်ထင်ရှား၍ သင်တို့လည်း ငါ့တပည့်များမှန်ကြလိမ့်မည်။
  • 9 ခမည်းတော်သည် ငါ့ကိုချစ်တော်မူသည့်နည်းတူ ငါလည်းသင်တို့ကိုချစ်၏။ ငါ့မေတ္တာ၌တည်ကြလော့။
  • 10 ငါသည် ခမည်းတော်၏ပညတ်တော်များကိုစောင့်ရှောက်၍ မေတ္တာတော်၌တည်သည့်နည်းတူ သင်တို့သည် ငါ့ပညတ်များကိုစောင့်ရှောက်လျှင် ငါ့မေတ္တာ၌တည်ကြလိမ့်မည်။
  • 11 သင်တို့၌ ငါဝမ်းမြောက်ရသည့်ပြင် သင်တို့လည်းအပြည့်အစုံဝမ်းမြောက်ကြစေရန် ထိုသို့ငါဟောခဲ့ပြီ။
  • 12 ငါ့ပညတ်မှာ သင်တို့ကိုငါချစ်သည့်နည်းတူ အချင်းချင်းချစ်ကြရမည်ဟူ၍တည်း။
  • 13 မည်သူ၌မျှ မိတ်ဆွေတို့အတွက်အသက်စွန့်စားခြင်းထက် ကြီးမြတ်သောမေတ္တာမရှိ။
  • 14 သင်တို့သည် ငါပညတ်ပေးသည့်အတိုင်းပြုကျင့်လျှင် ငါ့မိတ်ဆွေများဖြစ်ကြ၏။
  • 15 ကျွန်သည် အရှင်ပြုရာကိုမသိရသောကြောင့် သင်တို့ကိုကျွန်ဟူ၍ငါခေါ်တော့မည်မဟုတ်။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သမျှကိုသိစေသောကြောင့် မိတ်ဆွေဟူ၍ငါခေါ်ပြီ။
  • 16 သင်တို့သည်ငါ့ကိုရွေးချယ်ကြသည်မဟုတ်။ ငါကသာသင်တို့ကိုရွေးချယ်သည့်အလျောက်သွားကြပြီးလျှင် တည်မြဲသောအသီးကိုသီးလျက်၊ ခမည်းတော်ထံ ငါ့နာမ၌တောင်းလျှောက်သမျှကိုရကြစေရန် ငါခန့်ထား၏။
  • 17 သင်တို့အချင်းချင်းချစ်ကြစေရန် ဤသို့ငါပညတ်၏။
  • 18 သင်တို့ကိုဤလောကသားတို့ မုန်းကြလျှင် သင်တို့အရင်ငါ့ကိုမုန်းကြောင်း သိမှတ်ကြလော့။
  • 19 သင်တို့သည် ဤလောကနှင့်စပ်ဆိုင်ခဲ့မူ ကိုယ်နှင့်စပ်ဆိုင်သူတို့ကို လောကသားတို့ချစ်လေပြီ။ သင်တို့ကို ဤလောကထဲမှငါရွေးချယ်၍ ဤလောကနှင့်မစပ်ဆိုင်ကြသောကြောင့်မုန်းကြ၏။
  • 20 ကျွန်သည် သခင်ထက်ကြီးမြတ်သည်မဟုတ်ဟူ၍ ငါမိန့်ခဲ့သောအချက်ကိုသတိရကြလော့။ ငါ့ကိုညှဉ်းပန်းခဲ့လျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ ငါ့တရားကိုစောင့်ရှောက်ခဲ့လျှင် သင်တို့ဟောတိုင်းစောင့်ရှောက်ကြလိမ့်မည်။
  • 21 ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်ကိုမသိကြသဖြင့် ငါ့နာမကြောင့်ဤသို့ပြုကြလိမ့်မည်။
  • 22 ငါသည်လာရောက်မဟောခဲ့လျှင် သူတို့၌အပြစ်မရှိလေ။ ယခုမူကား ချေပရန်အလျှင်းမရှိကြ။
  • 23 ငါ့ကိုမုန်းသောသူသည် ငါ့ခမည်းတော်ကိုလည်းမုန်းရာရောက်၏။
  • 24 မည်သူမျှမပြုဘူးသောအမှုများကို သူတို့ဘောင်တွင်ငါမပြုခဲ့လျှင် သူတို့၌အပြစ်မရှိလေ။ ယခုမူကား ငါနှင့်ငါ့ခမည်းတော်ကိုမြင်ရလျက် မုန်းကြပြီ။
  • 25 ထိုသို့မုန်းခြင်းကား အကြောင်းမဲ့ငါ့ကိုမုန်းထားကြပြီဟူ၍ သူတို့ပညတ္တိကျမ်း၌ ရေးသားချက်ပြည့်စုံစေခြင်းငှါတည်း။
  • 26 ခမည်းတော့်ထံမှ သင်တို့ထံငါစေလွှတ်သည့်အတိုင်း ခမည်းတော့်ထံမှထွက်လာမည့် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်ကြွရောက်သော် ငါ့အကြောင်းကိုသက်သေခံတော်မူလိမ့်မည်။
  • 27 သင်တို့လည်း အစကပင်ငါနှင့်အတူရှိနေသောကြောင့် သက်သေခံကြ၏။
回到本卷目录 回到本版本目录 回到首页