ရှင်ယောဟန်-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အစအဦး၌နှုတ်ကပတ်တော်တည်၏။ နှုတ်ကပတ်တော်သည် ဘုရားသခင့်အပါးတော်တွင်ရှိ၏။ ထို နှုတ်ကပတ်တော်သည် ဘုရားသခင်ပေတည်း။
  • 2 အစအဦး၌ပင်၊ ထို နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။
  • 3 အရာခပ်သိမ်းသည် ကိုယ်တော်အားဖြင့်ပေါ်လာ၏။ ကိုယ်တော်နှင့်ကင်း၍ ပေါ်လာသောအရာ တစ်စုံတစ်ခုမျှမရှိချေ။
  • 4 ကိုယ်တော်၌အသက်တည်၏။ ထိုအသက်လည်း လူတို့၏အလင်းဖြစ်၏။
  • 5 ထိုအလင်းသည် မှောင်မိုက်၌ထွန်းလင်းရာ မှောင်မိုက်သည်မခံမယူ။
  • 6 ဘုရားသခင်စေလွှတ်တော်မူလိုက်သော ယောဟန်အမည်ရှိသူသည်၊
  • 7 သူသက်သေခံခြင်းဖြင့် လူခပ်သိမ်းတို့ယုံကြည်ကြစေရန် အလင်းတော့်အကြောင်းကိုသက်သေခံရောက်လာ၏။
  • 8 ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော့်အကြောင်းကို သက်သေခံရောက်လာ၏။
  • 9 လူတိုင်းကိုလင်းစေသောအလင်းတော်စစ်သည် ဤလောကသို့ကြွလာရာ၊
  • 10 ဤလောက၌ ရှိနေတော်မူလျက်ပင်၊ ကိုယ်တော်အားဖြင့်ပေါ်လာသောဤလောကသည် ကိုယ်တော်ကိုမသိ။
  • 11 ကိုယ့်ဒေသအရပ်သို့ ကြွလာတော်မူသော် ကိုယ့်လူမျိုးတော်သည်လက်မခံချေ။
  • 12 နာမတော်ကိုယုံကြည်သူတို့တည်းဟူသော လက်ခံသူဟူသမျှတို့အား၊ ဘုရားသခင်၏ သားဖြစ်ထိုက်သောအခွင့်ကိုသနားတော်မူ၏။
  • 13 ထိုသားတို့သည်အသွေးချင်းအားဖြင့်မဟုတ်။ အသားရမ္မက်အားဖြင့်မဟုတ်။ လူ့ဆန္ဒအားဖြင့်လည်းမဟုတ်။ ဘုရားသခင့်အားဖြင့်ဖွားရကြ၏။
  • 14 နှုတ်ကပတ်တော်သည် လူ့ဇာတိကိုယူဆောင်၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ဘောင်တွင်ရပ်စံတော်မူရာ အဘဖြစ်သူမှ၊ ဧကပုတ္တသားခံရသောဘုန်းဂုဏ်ကဲ့သို့ ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ငါတို့ဖူးမြင်ရကြ၏။
  • 15 ကိုယ်တော်၏အကြောင်းကိုယောဟန်က၊ ငါ့နောက်မှကြွလာသောအရှင်သည် ငါ့အရင် ရှိတော်မူသည့်အတိုင်း ငါ့ရှေ့ကနေရာတော်ရသည်ဟူ၍ငါဆိုသောသူကား ဤအရှင်တည်းဟုကြွေးကြော်လျက် သက်သေခံ၏။
  • 16 ပညတ်တရားတော်ကိုမောရှေအားဖြင့်ရသည်မှန်၏။ ယေရှုခရစ်အားဖြင့်မူကား ကျေးဇူးတော်နှင့် သစ္စာတော်သက်ရောက်သည်ဖြစ်၍ ငါတို့ရှိသမျှသည် ကိုယ်တော်၏အပြည့်အစုံမှ ကျေးဇူးတော်ကိုအထပ်ထပ်ခံရကြလေပြီ။
  • 17
  • 18 လူတစ်စုံတစ်ယောက်မျှ ဘုရားသခင်ကိုမမြင်စဘူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်စံဧကပုတ္တသားတော်သည် ဖော်ပြတော်မူလေပြီ။
  • 19 သင်မည်သူနည်းဟုမေးစေရန် ယေရုရှလင်မြို့မှ ပရောဟိတ်နှင့်လေဝိဂိုဏ်းသားတို့ကို ယုဒလူမျိုးတို့စေလွှတ်ကြရာ၊
  • 20 ယောဟန်သည်မငြင်းမဆိုဘဲ ဝန်ခံ၍သက်သေခံသည်မှာ ငါသည်ခရစ်တော်မဟုတ်ဟုဝန်ခံ၏။
  • 21 ထိုသူတို့က၊ မဟုတ်လျှင် ဧလိယလောဟုမေးကြရာ ငါမဟုတ်ဟူ၍လည်းကောင်း၊ ထိုပရောဖက်လောဟု မေးကြပြန်သော် မဟုတ်ဟူ၍လည်းကောင်း ဖြေဆိုသည်နှင့်၊
  • 22 ငါတို့ကိုစေလွှတ်လိုက်သူတို့အားပြန်ပြောနိုင်ရန် သင်အသူနည်း။ သင့်ကိုယ်ကိုမည်သို့ဆိုသနည်းဟု မေးမြန်းကြသည့်ကာလ၊
  • 23 ယောဟန်က၊ ငါကား ပရောဖက်ဟေရှာယဆင့်ဆိုချက်အရ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ညီညွတ်စေကြလော့ဟူ၍ သဲတော၌ကြွေးကြော်သူ၏စကားသံတည်းဟုပြန်ဆို၏။
  • 24 ဖာရိရှဲတို့စေလွှတ်သည့်အတိုင်း၊
  • 25 ထိုသူတို့က၊ သင်သည်ခရစ်တော်မဟုတ်။ ဧလိယမဟုတ်။ ထိုပရောဖက်မဟုတ်ခဲ့လျှင် အဘယ်ကြောင့်ဗတ္တိဇံမင်္ဂလာပေးသနည်းဟုမေးကြသော်၊
  • 26 ယောဟန်က၊ ငါသည်ရေနှင့်ဗတ္တိဇံမင်္ဂလာပေးသည်မှန်၏။ ငါ့နောက်ကြွလာ၍၊ သင်တို့မသိသောအရှင်ဖိနပ်တော်ကြိုးကိုမျှ ငါမဖြည်ထိုက်သောအရှင်ကား သင်တို့ဘောင်တွင်တည်ရှိလေပြီဟု ဖြေဆို၏။
  • 27
  • 28 ဤအခြင်းအရာများသည် ဗတ္တိဇံမင်္ဂလာကိုယောဟန်ပေးလျက်နေရာ ယော်ဒန်မြစ်တစ်ဖက်၊ ဗေသနိရွာတွင် ဖြစ်ပျက်သတည်း။
  • 29 နောက်နေ့၌ယေရှုချဉ်းလာတော်မူသည်ကို ယောဟန်မြင်သော် ရှုကြည့်ကြလော့။ ဤလောကသားတို့၏ အပြစ်ကိုဆောင်သွားသော၊ ဘုရားသခင့်သိုးငယ်တော်တည်း။
  • 30 ငါ့အရင်ရှိတော်မူသည့်အတိုင်း ငါ့ရှေ့ကနေရာတော်ရသောအရှင်သည် ငါ့နောက်မှကြွလာမည်ဟူ၍ငါသက်သေခံသူကား ထိုသူတည်း။
  • 31 ကိုယ်တော်မှန်းငါမသိရာတွင် ဣသရေလလူမျိုးအားထင်ရှားစေခြင်းငှါသာ ရေနှင့် ဗတ္တိဇံမင်္ဂလာပေးလျက်၊ ငါရောက်လာသည်ဟုဆို၏။
  • 32 ယောဟန်သက်သေခံသေးသည်မှာ ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်သဏ္ဌာန် ကိုယ်တော့်အပေါ်သို့ဆင်းသက်နားနေသည်ကို ငါမြင်ရ၏။
  • 33 ကိုယ်တော်မှန်း ငါမသိရာတွင် ရေနှင့်ဗတ္တိဇံမင်္ဂလာပေးရန် ငါ့ကိုစေလွှတ်လိုက်သောအရှင်က၊ မည်သူ့အပေါ်သို့မဆို ဝိညာဉ်တော့်ဆင်းသက်နားနေသည်ကို သင်မြင်ရလျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဗတ္တိဇံမင်္ဂလာပေးသူဖြစ်သည်ဟု မိန့်တော်မူသည့်အတိုင်း၊
  • 34 ငါမြင်ရ၍ ထိုသူကား ဘုရားသခင့်သားတော်မှန်ကြောင်းသက်သေခံပြီဟုဆို၏။
  • 35 တစ်ဖန် နောက်နေ့၌ ယောဟန်သည်တပည့်နှစ်ယောက်တို့နှင့်ရပ်နေရာ၊
  • 36 ကြွသွားတော်မူသောယေရှုကိုဖူးမြင်လျက် ရှုကြည့်ကြလော့။ ဘုရားသခင့်သိုးငယ်တော်တည်းဟု ဆိုသောစကားကို တပည့်နှစ်ယောက်တို့ကြား၍၊
  • 37 ယေရှုနောက်တော်ကလိုက်သွားကြ၏။
  • 38 ယေရှုသည် လှည့်၍လိုက်လာကြသည်ကိုမြင်လျှင် မည်သည်ကိုရှာကြသနည်းဟုမေးတော်မူရာ ရဗ္ဗိ၊ အဘယ်မှာသိတင်းသုံးတော်မူပါသနည်းဟု မေးပြန်ကြ၏။ ရဗ္ဗိအနက်ကား ဆရာတော်တည်း။
  • 39 ကိုယ်တော်က၊ လာကြ။ မြင်ရလိမ့်မည်ဟုမိန့်တော်မူသည့်အတိုင်း လိုက်၍ သိတင်းသုံးတော်မူရာကို မြင်ပြီးလျှင် ထိုနေ့တွင်ကိုယ်တော်နှင့်အတူနေထိုင်ကြ၏။ ထိုအခါ၊ ဆယ်နာရီခန့်အချိန်ဖြစ်၏။
  • 40 ယောဟန့်စကားကိုကြား၍ နောက်တော်ကလိုက်လာသူနှစ်ယောက်တွင် ရှိမုန်ပေတရု၏ညီဖြစ်သူ အန္ဒြေသည် အစ်ကိုရှိမုန်ကိုဦးစွာတွေ့၍၊
  • 41 ကျွန်တော်တို့သည် မေရှိကိုတွေ့ပြီဟုဆို၏။ မေရှိအနက်ကား၊ ခရစ်တော်တည်း။
  • 42 ထိုသူ့ကို ယေရှုအထံတော်သို့ပို့ဆောင်ရာ ရှုကြည့်တော်မူလျက် ယေရှုက၊ သင်သည်ယောဟန်၏သား ရှိမုန်ဖြစ်၏။ ကေဖဟူ၍အခေါ်ခံရလိမ့်မည်ဟု မိန့်တော်မူ၏။ ကေဖအနက်ကား ပေတရုတည်း။
  • 43 နောက်နေ့၌ ယေရှုသည် ဂါလိလဲနယ်ရောက်ကြွမည့်သဘောရှိရာ ဖိလိပ္ပုကိုတွေ့၍ ငါ့နောက်ကလိုက်လော့ဟုမိန့်တော်မူ၏။
  • 44 ဖိလိပ္ပုကား အန္ဒြေနှင့်ပေတရုတို့နေထိုင်ရာ ဗက်ဇဲဒမြို့သားတည်း။
  • 45 ဖိလိပ္ပုသည် နာသနေလကိုတွေ့၍ ပညတ္တိကျမ်း၌မောရှေရေးထားသည့်ပြင်၊ ပရောဖက်တို့ရေးထားသောအရှင်ဖြစ်သူ နာဇရက်မြို့နေယောသပ်သားယေရှုကို ကျွန်ုပ်တို့တွေ့ကြပြီဟုဆိုသော်၊
  • 46 နာသနေလက၊ နာဇရက်မြို့ထဲမှအကောင်းထွက်နိုင်သလောဟုမေးရာ လာ၍ကြည့်လော့ဟု ဖိလိပ္ပုဆိုသည့်အတိုင်း နာသနေလချဉ်းလာသည်ကို ယေရှုမြင်သော် ရှုကြည့်ကြလော့။
  • 47 ပရိယာယ်ကင်းသော ဣသရေလအမျိုးသားစစ်တည်းဟု မိန့်တော်မူ၏။
  • 48 ထိုအခါ နာသနေလက၊ အကျွန်ုပ်ကို မည်သို့သိပါသနည်းဟုမေးသည့်ကာလ ဖိလိပ္ပုမခေါ်မီ သဖန်းပင့်အောက်မှာရှိစဉ် သင့်ကိုမြင်သည်ဟုယေရှုမိန့်တော်မူရာ၊
  • 49 ဆရာတော်၊ အရှင်သည်ဘုရားသခင့်သားတော်၊ ဣသရေလလူမျိုး၏ဘုရင်ဖြစ်ပါသည်ဟု နာသနေလပြန်လျှောက်လျှင်၊
  • 50 ယေရှုက၊ သဖန်းပင့်အောက်တွင်သင့်ကိုမြင်ကြောင်းငါဆိုသည့်အတွက်ယုံသလော။ ဤထက်အကြီးအမြတ်များကို မြင်ရဦးမည်ဟူ၍လည်းကောင်း၊
  • 51 ကောင်းကင်ပွင့်၍ ဘုရားသခင်၏စေတမန်တော်များသည် လူ့သားအပေါ်သို့ဆင်းလျက် တက်လျက်နေသည်ကို သင်တို့မြင်ရကြလတ္တံ့၊ ငါအမှန်ဆိုသည်ဟူ၍လည်းကောင်း မိန့်တော်မူ၏။
回到本卷目录 回到本版本目录 回到首页