ရှင်ယောဟန်-21

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထိုနောက်ယေရှုသည် တိဗေရိအိုင်နားတွင် တပည့်တော်တို့အားတစ်ဖန်ထင်ရှားတော်မူသည့်နည်းဟူမူကား၊
  • 2 ရှိမုန်ပေတရု၊ ဒိဒုမုခေါ်သောမ၊ ဂါလိလဲနယ် ကာနမြို့သားနာသနေလ၊ ဇေဗေဒဲသားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည်အတူရှိနေကြခိုက်၊
  • 3 ရှိမုန်ပေတရုက ငါးဖမ်းသွားမည်ဟုဆိုရာ ငါတို့လည်းလိုက်မည်ဟုဆိုကြသဖြင့် ထွက်သွား၍လှေပေါ်သို့တက်ကြသည့်နောက်၊
  • 4 ထိုညဉ့်တွင် တစ်ကောင်မျှမရကြ။ နံနက်အချိန်ရောက်သော် ယေရှုသည် ကမ်းပေါ်မှာရပ်နေတော်မူသော်လည်း ယေရှုဖြစ်ကြောင်းတပည့်တော်တို့မသိကြ။
  • 5 ထိုအခါယေရှုက အမောင်တို့၊ ငါးမရလောဟုမေးတော်မူလျှင် မရဟုပြန်ဆိုကြသော်၊
  • 6 ကိုယ်တော်က လှေ့ယာဘက်တွင်ပိုက်ချလော့။ ရကြလိမ့်မည်ဟုမိန့်တော်မူသည့်အတိုင်းချကြရာ ငါးများစွာမိသဖြင့် မဆွဲမတင်နိုင်ကြ။
  • 7 သို့ဖြစ်၍ ယေရှုချစ်တော်မူသောတပည့်တော်က အရှင်ဘုရားဖြစ်သည်ဟု ပေတရုအားဆိုသည့်အတိုင်း အရှင်ဘုရားဖြစ်ကြောင်းကြားသော် နံငယ်ဆည်းနေသောရှိမုန်ပေတရုသည် အင်္ကျီပတ်လျက် အိုင်ထဲသို့ခုန်ဆင်းလေ၏။
  • 8 အခြားတပည့်တော်တို့မူကား ကမ်းနှင့်တောင်ရေနှစ်ရာခန့်သာကွာသောကြောင့် လှေငယ်ပေါ်ကနေ၍ ငါးနှင့်အပြည့်ရှိသောပိုက်ကိုဆွဲလျက်၊
  • 9 ကမ်းသို့ဆိုက်ရောက်ကြသော် မုန့်နှင့်တကွမီးသွေးမီးဖိုတွင် ငါးကင်ကိုတွေ့မြင်ကြ၏။
  • 10 ယေရှုကလည်း ယခုဖမ်းရသောငါးအချို့ကိုယူခဲ့ကြလော့ဟု မိန့်တော်မူရာ၊
  • 11 ရှိမုန်ပေတရုသည် လှေသို့တက်၍ ငါးကြီးတစ်ရာ့ငါးဆယ့်သုံးကောင်နှင့်ပြည့်သောပိုက်ကို ကုန်းရောက်ဆွဲတင်၏။ ထိုမျှလောက်ငါးများသော်လည်း ပိုက်မစုတ်မပြတ်ချေ။
  • 12 ထိုအခါယေရှုက လာ၍နံနက်စာစားကြလော့ဟု မိန့်တော်မူရာ၊ အရှင်ဘုရားဖြစ်ကြောင်းထင်မှတ်ကြသဖြင့် သင်မည်သူနည်းဟု တပည့်တော်တစ်ပါးမျှ မမေးဝံ့။
  • 13 ယေရှုသည်မုန့်ကိုသွားယူ၍ တပည့်တော်တို့အားပေးကမ်းပြီးလျှင် ငါးကိုလည်းပေးကမ်းတော်မူ၏။
  • 14 သူသေတို့အထဲမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား ထိုသို့ထင်ရှားတော်မူသည်မှာ တတိယအကြိမ်တည်း။
  • 15 တပည့်တော်တို့စားကြပြီးနောက် ရှိမုန်ပေတရုအားယေရှုက ယောဟန်၏သားရှိမုန်၊ ဤသူတို့ထက် သင်သည်ငါ့ကိုမြတ်နိုးသလောဟုမေးတော်မူသော် ပေတရုက မှန်ပါသည်အရှင်ဘုရား၊ ကိုယ်တော်ကိုချစ်ခင်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟုလျှောက်ရာ၊ ငါ့သိုးသားငယ်တို့ကိုကျွေးမွေးလော့ဟု မိန့်တော်မူ၏။
  • 16 ထိုနောက်ဒုတိယအကြိမ် ယောဟန်၏သားရှိမုန်၊ ငါ့ကိုမြတ်နိုးသလောဟုမေးတော်မူသော် ပေတရုက မှန်ပါသည်အရှင်ဘုရား၊ ကိုယ်တော်ကိုချစ်ခင်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟုလျှောက်ရာ ငါ့သိုးတို့ကိုထိန်းကျောင်းလော့ဟုမိန့်တော်မူ၏။
  • 17 တစ်ဖန်တတိယအကြိမ် ယောဟန်၏သားရှိမုန်၊ ငါ့ကိုချစ်ခင်သလောဟုမေးတော်မူသော် တတိယအကြိမ်၌ ငါ့ကိုချစ်ခင်သလောဟုမေးတော်မူသောကြောင့် ပေတရုသည်ဝမ်းနည်းလျက် အရှင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းကိုသိတော်မူသည်နှင့်အညီ ကိုယ်တော်ကိုတပည့်တော်ချစ်ခင်ကြောင်း သိမြင်တော်မူပါသည် ဟုလျှောက်ရာ ယေရှုက ငါ့သိုးတို့ကိုကျွေးမွေးလော့။
  • 18 ငါဧကန်အမှန်ဆိုသည်ကား၊ သင်သည်ငယ်ရွယ်စဉ် ခါးစည်း၍အလိုရှိရာသွားလာတတ်၏။ အိုသည့်ကာလမူကား လက်ဆန့်ရသောသင့်ကို သူတစ်ထူးခါးကြိုးတပ်၍ သင်အလိုမရှိရာသို့ ထုတ်သွားလိမ့်မည်ဟု မိန့်တော်မူ၏။
  • 19 မည်သို့သောသေခြင်းဖြင့် ဘုရားသခင့်ဘုန်းတော်ကိုပေတရုထင်ရှားစေမည့်အကြောင်းဖော်ပြ၍ ထိုသို့မိန့်တော်မူပြီးမှပေတရုအား ငါ့နောက်လိုက်လော့ဟု မိန့်တော်မူပြန်၏။
  • 20 ပေတရုသည်လှည့်ကြည့်သော် ပွဲတော်တွင်ရင်တော်ကိုမော့ကပ်ပြီးလျှင် အရှင်ဘုရား၊ ကိုယ်တော်ကိုမည်သူပို့အပ်မည်နည်းဟု မေးလျှောက်ခဲ့သူ၊ ယေရှုချစ်တော်မူသောတပည့်တော် လိုက်လာသည်ကိုမြင်လျှင်၊
  • 21 ယေရှုအား အရှင်ဘုရား၊ ဤသူကားမည်သို့နည်းဟုလျှောက်ရာ၊
  • 22 ယေရှုက ငါပြန်လာသည့်တိုင်အောင် သူ့ကိုနေစေရန်ငါအလိုရှိလျှင် သင်နှင့်အသို့ဆိုင်သနည်း။ သင်မှာမူ ငါ့နောက်လိုက်လော့ဟု ပြန်၍မိန့်တော်မူ၏။
  • 23 ထိုကြောင့် ထိုတပည့်တော်သည်သေရမည်မဟုတ်ဟု ညီအစ်ကိုတို့တွင်အနှံ့အပြားပြောဆိုကြ၏။ သို့ရာတွင်မသေရဟု ယေရှုမိန့်တော်မူသည်မဟုတ်။ ငါပြန်လာသည့်တိုင်အောင်သူ့ကိုနေစေရန် ငါအလိုရှိလျှင် သင်နှင့်အသို့ဆိုင်သနည်းဟူ၍ မိန့်တော်မူ၏။
  • 24 ထိုတပည့်တော်မှာ ဤအကြောင်းအရာများကိုသက်သေခံလျက် ရေးသားသူဖြစ်သည့်အလျောက် သူ့သက်သေမှန်ကန်ကြောင်း ငါတို့သိကြ၏။
  • 25 ယေရှုပြုတော်မူသော အခြားအမှုအရာအများရှိသေး၏။ ထိုအမှုအရာရှိသမျှကို ရေးတင်ခဲ့လျှင် ဤလောကပင်မဆံ့နိုင်အောင် ကျန်းဂန်များလိမ့်မည်ငါထင်မှတ်သတည်း။
回到本卷目录 回到本版本目录 回到首页