ရှင်ယောဟန်-13

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထိုအခါပသခါပွဲမတိုင်မီ ယေရှုသည်ခမည်းတော်ထံ ဤလောကမှပြောင်းကြွရမည့်အချိန်ရောက်ကြောင်း သိတော်မူ၍ ဤလောက၌ချစ်ခင်သော ကိုယ်ပိုင်ဆိုင်သူတို့ကို စုံလင်စွာချစ်တော်မူသည့်အတိုင်း ညစာစားလျက်နေကြစဉ်၊
  • 2 ရှိမုန်၏သား ယုဒဣရှကာရုတ်စိတ်၌ ကိုယ်တော်ကိုပို့အပ်ရန် မာရ်နတ်အကြံပေးပြီးဖြစ်လျက်ပင်၊
  • 3 ကိုယ့်လက်သို့ အရာခပ်သိမ်းကို ခမည်းတော်လွှဲအပ်ခဲ့သည်ကိုလည်းကောင်း၊ ဘုရားသခင်ထံမှထွက်လာ၍ ဘုရားသခင့်ထံပြန်သွားတော့မည်ကိုလည်းကောင်း သိတော်မူသော်လည်း၊
  • 4 စားတော်ခေါ်ရာမှထ၍ ဝတ်လုံတော်ကိုချွတ်ထားပြီးလျှင် ပုဝါတစ်ထည်ကိုကိုင်ယူခါးစည်းလျက် အင်တုံတွင်ရေထည့်၍၊
  • 5 တပည့်တော်တို့ခြေများကိုဆေးခြင်း၊ ခါးစည်းပုဝါနှင့်သုတ်ခြင်းကိုပြုတော်မူ၏။
  • 6 ရှိမုန်ပေတရုထံရောက်တော်မူသော် အရှင်ဘုရား၊ ကိုယ်တော်သည် တပည့်တော်ခြေကို ဆေးတော်မူမည်လောဟုလျှောက်ရာ၊
  • 7 ယေရှုက ငါပြုရာကိုယခုသင်မသိသော်လည်း နောင်နားလည်လိမ့်မည်ဟု ပြန်၍မိန့်တော်မူ၏။
  • 8 ပေတရုကလည်း တပည့်တော့်ခြေကိုမည်သည့်ကာလမျှ ဆေးတော်မူရမည်မဟုတ်ပါဟုလျှောက်သော် သင့်ကိုငါမဆေးရလျှင် သင်သည်ငါ့ဘက်ပါမဟုတ်ဟု ယေရှုပြန်၍မိန့်တော်မူသောကြောင့်၊
  • 9 ရှိမုန်ပေတရုက အရှင်ဘုရား၊ တပည့်တော့်ခြေကိုသာမဟုတ်၊ လက်နှင့်ဦးခေါင်းကိုလည်း ဆေးတော်မူပါဟု လျှောက်သည့်ကာလ၊
  • 10 ယေရှုက ရေချိုးပြီးသူသည် ကိုယ်လုံးစင်ကြယ်သည့်အလျောက် ခြေမှတစ်ပါးဆေးရန်မလို။ သင်တို့စင်ကြယ်ကြ၏။ သို့ရာတွင် သင်တို့ရှိသမျှစင်ကြယ်ကြသည်မဟုတ်ဟု မိန့်တော်မူ၏။
  • 11 သင်တို့ရှိသမျှ စင်ကြယ်ကြသည်မဟုတ်ဟုမိန့်ဆိုသည်မှာ ပို့အပ်မည့်သူ့ကိုသိတော်မူသောကြောင့်တည်း။
  • 12 ကိုယ်တော်သည် တပည့်တော်တို့၏ခြေများကိုဆေး၍ ဝတ်လုံတော်ကိုဝတ်ဆင်ပြီးလျှင် ထိုင်ပြန်တော်မူသည့်ကာလ၊ သင်တို့၌ငါပြုခဲ့သောအမှုကို နားလည်ကြသလော။
  • 13 ငါ့ကိုဆရာတော်ဟူ၍လည်းကောင်း၊ အရှင်ဘုရားဟူ၍လည်းကောင်း ခေါ်ကြသည်မှာ ထိုသို့ငါဖြစ်သောကြောင့်ခေါ်သင့်၏။
  • 14 အရှင်ဘုရားနှင့် ဆရာတော်ဖြစ်သောငါသည် သင်တို့ခြေများကိုဆေးလျှင် သင်တို့၌ ငါပြုသည့်နည်းတူပြုကြစေရန် ငါပုံစံပြထားသည့်အလျောက် သင်တို့လည်းအချင်းချင်းတို့ခြေကိုဆေးထိုက်၏။
  • 15
  • 16 ငါဧကန်အမှန်ဆိုသည်ကား ကျွန်သည်သခင့်ထက်လည်းကောင်း၊ တမန်သည်စေလွှတ်သူထက်လည်းကောင်း ကြီးမြတ်သည်မဟုတ်။
  • 17 သင်တို့သည် ဤအခြင်းအရာများကိုသိ၍ပြုကျင့်လျှင် မင်္ဂလာရှိ၏။
  • 18 သင်တို့သိသမျှနှင့်စပ်၍ထိုသို့ငါပြောသည်မဟုတ်။ ငါသိလျက်နှင့် လူတို့ကိုရွေးကောက်သည်မှာ ငါ့ထမင်းကိုစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်ကန်လေပြီဟူသော ကျမ်းချက်အတိုင်းပြည့်စုံစေခြင်းငှါတည်း။
  • 19 ထိုသို့ဖြစ်ပျက်သည့်ကာလ၊ ငါဖြစ်သည်ကိုသင်တို့ယုံကြည်ကြစေရန် ယခုကငါဆိုနှင့်လေပြီ။
  • 20 ငါဧကန်အမှန်ဆိုသည်ကား၊ ငါစေလွှတ်လိုက်သူ့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူလည်း ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်ကိုလက်ခံသည်ဟု မိန့်တော်မူ၏။
  • 21 ထိုသို့မိန့်တော်မူပြီးနောက် စိတ်တော်မသာ၍ ယေရှုက ငါဧကန်အမှန်ဆိုသည်ကား သင်တို့အနက် တစ်ယောက်ယောက်သည် ငါ့ကိုပို့အပ်လိမ့်မည်ဟုမိန့်တော်မူရာ၊
  • 22 မည်သူ့ကိုမိန့်တော်မူကြောင်းတပ်အပ်မသိသဖြင့် တပည့်တော်တို့သည်အချင်းချင်းကြည့်ကြ၏။
  • 23 ထိုအခါ ယေရှုချစ်တော်မူ၍ ရင်ခွင်တော်၌လျောင်းနေသောတပည့်တော်တစ်ပါးအား၊
  • 24 ရှိမုန်ပေတရုသည် မည်သူ့ကိုမိန့်တော်မူကြောင်းပြောပါဟု မျက်ရိပ်ဖြင့်မေးသည့်အတိုင်း၊
  • 25 ထိုတပည့်တော်သည်နေရင်းမှ ရင်တော်ကိုမော့ကပ်ပြီးလျှင် အရှင်ဘုရား၊ မည်သူပါနည်းဟုလျှောက်ရာ
  • 26 တစ်လုပ်စာနှစ်၍ ငါပေးမည့်သူဖြစ်သည်ဟုမိန့်တော်မူလျက် ရှိမုန်ဣရှကာရုတ်၏သား ယုဒကိုပေးတော်မူ၏။
  • 27 ထိုတစ်လုပ်စာကိုယူပြီးသော် သူ့အတွင်းသို့စာတန်ဝင်ပြီးဖြစ်၍ ယေရှုက သင်ပြုမည့်အရာကို အမြန်ပြုလော့ဟုမိန့်တော်မူ၏။
  • 28 မည်သည့်အကြောင်းနှင့် ထိုသို့မိန့်တော်မူသည်ကို ထိုစားပွဲထိုင်ဘက်တစ်ယောက်မျှမသိကြ။
  • 29 အချို့က ယုဒ၌ငွေအိတ်ရှိသောကြောင့် ပွဲအတွင်းလိုရာကိုဝယ်စေရန်ဟူ၍လည်းကောင်း၊ သူဆင်းရဲတို့အားတစ်စုံတစ်ရာပေးစေရန်ဟူ၍လည်းကောင်း အမိန့်ရှိတော်မူသည်ဟု ထင်မှတ်ကြ၏။
  • 30 ယုဒလည်း ထိုတစ်လုပ်စာကိုခံယူပြီးလျှင်ပြီးချင်း ထွက်သွားလေ၏။ ထိုအချိန်ကား ညဉ့်အချိန်တည်း။
  • 31 ထိုသူထွက်သွားပြီးနောက် ယေရှုက လူ့သားသည်ယခုဘုန်းထင်ရှားလေပြီ။ ဘုရားသခင်လည်း လူ့သားအားဖြင့်ဘုန်းတော်ထင်ရှားလေပြီ။
  • 32 ဘုရားသခင်သည် လူ့သားအားဖြင့်ဘုန်းတော်ထင်ရှားပြီဖြစ်လျှင် လူ့သား၏ဘုန်းကိုကိုယ်တော်တိုင် ထင်ရှားစေတော်မူလိမ့်မည်။ မကြာမီပင် ထင်ရှားစေတော်မူလိမ့်မည်။
  • 33 ချစ်သားတို့၊ ငါသည် သင်တို့နှင့်ခဏမျှဆက်လက်နေရ၏။ သင်တို့သည်ငါ့ကိုရှာကြသော်လည်း ယုဒလူမျိုးတို့အား ငါပြောခဲ့သည့်အတိုင်း၊ ငါသွားရာသို့သင်တို့မရောက်နိုင်ကြဟု သင်တို့အားငါဆို၏။
  • 34 အချင်းချင်းချစ်ကြလော့ ဟူသောပညတ်တော်သစ်ကို သင်တို့အားငါပေး၏။ ငါသည် သင်တို့ကိုချစ်သည့်နည်းတူပင် သင်တို့လည်းအချင်းချင်းချစ်ကြလော့။
  • 35 အချင်းချင်းချစ်ကြလျှင် သင်တို့သည်ငါ့တပည့်များဖြစ်ကြောင်း လူခပ်သိမ်းတို့သိကြလိမ့်မည်ဟု မိန့်တော်မူ၏။
  • 36 ထိုအခါ ရှိမုန်ပေတရုက အရှင်ဘုရား၊ မည်သည့်အရပ်သို့ကြွတော်မူအံ့နည်းဟု မေးလျှောက်သော်၊ ယေရှုက ငါသွားရာသို့ယခုသင်မလိုက်နိုင်၊ နောင်လိုက်ရလိမ့်မည်ဟု ဖြေဆိုတော်မူရာ၊
  • 37 ပေတရုက အရှင်ဘုရား၊ အဘယ်ကြောင့်ယခုမလိုက်နိုင်ပါသနည်း။ တပည့်တော်သည် ကိုယ်တော့်အတွက် အသက်စွန့်ပါမည်ဟုလျှောက်သည့်ကာလ၊
  • 38 ယေရှုက ငါ့အတွက်အသက်စွန့်မည်လော။ ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုသုံးကြိမ်တိုင် သင်မငြင်းဆိုမီ ကြက်တွန်မည်မဟုတ်။
回到本卷目录 回到本版本目录 回到首页