ရှင်ယောဟန်-18

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထိုသို့ ယေရှုလျှောက်ဆိုတော်မူပြီးသော် တပည့်တော်တို့နှင့်တကွထွက်၍ ကေဒြုန်ချောင်းတစ်ဘက်ရှိ ဥယျာဉ်သို့ကြွဝင်တော်မူ၏။
  • 2 ၎င်းဥယျာဉ်တွင် ယေရှုသည်တပည့်တော်တို့နှင့် အဖန်ဖန်တွေ့ဆုံတော်မူတတ်သောကြောင့် ကိုယ်တော်ကိုပို့အပ်သူယုဒလည်း ထိုအရပ်ကိုသိသည်နှင့်အညီ၊
  • 3 တပ်သားများ၊ ပရောဟိတ်ကြီးနှင့်ဖာရိရှဲတို့ထံမှ မင်းမှုထမ်းများကိုခေါ်ခဲ့ပြီးလျှင် မီးရှူး၊ မီးအိမ်၊ လက်နက်များပါလျက်ရောက်လာ၏။
  • 4 ယေရှုလည်း ကိုယ်၌ဖြစ်လတ္တံ့သောအရာခပ်သိမ်းကိုသိမြင်သဖြင့် ထွက်ကြွတော်မူလျက်၊ မည်သူ့ကိုရှာကြသနည်းဟုမေးတော်မူသော်၊
  • 5 နာဇရက်မြို့သားယေရှုကိုရှာသည်ဟုပြန်ဆိုကြရာ ကိုယ်တော်ကိုပို့အပ်သူယုဒလည်း ထိုသူတို့နှင့်အတူရပ်နေစဉ် ယေရှုက ငါပင်ဖြစ်သည်ဟု မိန့်တော်မူ၏။
  • 6 ငါပင်ဖြစ်သည်ဟု မိန့်တော်မူသည်နှင့် ထိုသူတို့ဆုတ်ခွာဝပ်လျှိုးကြသောကြောင့်၊
  • 7 မည်သူ့ကိုရှာကြသနည်းဟုမေးတော်မူပြန်သော် နာဇရက်မြို့သားယေရှုကို ရှာသည်ဟုပြန်ဆိုကြရာ၊
  • 8 ယေရှုက ငါပင်ဖြစ်သည်ဟူ၍ငါပြောခဲ့ပြီ။ ငါ့ကိုရှာလျှင် ဤသူတို့သွားကြစေဟု မိန့်တော်မူ၏။
  • 9 ထို့သို့မိန့်တော်မူသည်မှာ အကျွန်ုပ်အားသနားတော်မူသောသူတို့အနက် တစ်ယောက်ကိုမျှအကျွန်ုပ်မဖျောက်ပါဟူ၍ မိန့်တော်မူချက်အတိုင်း ပြည့်စုံစေခြင်းငှါတည်း။
  • 10 ထိုအခါရှိမုန်ပေတရုသည် ပါသောဓားကိုချွတ်ပြီးလျှင် ပရောဟိတ်မင်း၏ကျွန် မာလခုအမည်ရှိသူကို ခုတ်၍ လကျ်ာနားရွက်ပြတ်သော်၊
  • 11 ယေရှုက သင့်ဓားကိုအိမ်၌ပြန်သွင်းလော့။ ခမည်းတော်ပေးသောခွက်ကို ငါမသောက်ရာသလောဟု ပေတရုအားမိန့်တော်မူ၏။
  • 12 ထိုအခါ တပ်မှူးတပ်သားတို့နှင့် ယုဒလူမျိုးတို့၏မင်းမှုထမ်းများသည် ယေရှုကို ဖမ်းဆီးတုပ်နှောင်ပြီးလျှင်၊
  • 13 ထိုနှစ်တွင် ပရောဟိတ်မင်းဖြစ်သူ ကာယဖ၏ယောက္ခမအန္နတ်ထံ ဦးစွာယူသွားကြ၏။
  • 14 ထိုကာယဖကား လူမျိုးတော်အတွက်လူတစ်ယောက်အသေခံလျှင် သင့်လျော်သည်ဟူ၍ ယုဒလူမျိုးတို့အား အကြံပေးဖူးသူတည်း။
  • 15 ရှိမုန်ပေတရုနှင့် တပည့်တော်တစ်ပါးသည် ယေရှုနောက်လိုက်ကြရာ ထိုတပည့်တော်သည် ပရောဟိတ်မင်းနှင့်ကျွမ်းဝင်သူဖြစ်သဖြင့် ပရောဟိတ်မင်း၏ကျောင်းတော့် တံတိုင်းအတွင်းသို့ ယေရှုနှင့်အတူဝင်ရ၏။
  • 16 ပေတရုမူကား တံခါးပြင်တွင်ရပ်နေရ၍ ပရောဟိတ်မင်းနှင့်ကျွမ်းဝင်သော ထိုတပည့်တော်ထွက်သွားလျက် တံခါးစောင့်မအားပြောပြီးလျှင်ပေတရုကိုသွင်းသော်၊
  • 17 တံခါးစောင့်ကျွန်မက သင်လည်းထိုသူ့တပည့်တို့အပေါင်းပါလောဟု ပေတရုအားမေးရာ၊ ငါမဟုတ်ဟု ပြန်ဆို၏။
  • 18 ထိုအခါ ကျွန်တို့နှင့်မင်းမှုထမ်းတို့သည်ချမ်းသဖြင့် မီးသွေးမီးဖိုပြီးလျှင်လှုံကြစဉ် ပေတရုလည်း အတူရပ်လျက်လှုံနေ၏။
  • 19 ထိုကာလပရောဟိတ်မင်းသည် တပည့်တော်တို့အကြောင်းနှင့် ဒေသနာတော်အကြောင်းကိုမေးမြန်းသော်၊
  • 20 ယေရှုက ငါသည်လျှို့တဝှက်မဟောဘဲ လောကသားတို့အားအထင်အရှားဟောလျက်၊ ယုဒလူမျိုးအပေါင်းတို့စည်းဝေးရာ ဓမ္မာရုံများနှင့်ဗိမာန်တော်တွင် အစဉ်ဒေသနာပေးခဲ့ပြီ။
  • 21 ငါ့ကိုအဘယ်ကြောင့်မေးမြန်းသနည်း။ မည်သို့ဟောကြောင်းကိုကြားနာသူတို့ထံမေးမြန်းလော့။ ဟောချက်များကို ဤသူတို့သိကြသည်တကားဟု ပြန်၍မိန့်တော်မူသည်နှင့်၊
  • 22 အနီးရှိ မင်းမှုထမ်းတစ်ယောက်သည် ယေရှုကိုလက်ဝါးဖြင့်ရိုက်လျက် ပရောဟိတ်မင်းအား ထိုသို့ပြန်ပြောရာသလောဟုဆိုသော်၊
  • 23 ယေရှုက ငါမကောင်းပြောဆိုလျှင် မကောင်းကြောင်းသက်သေခံလော့။ အကောင်းပြောဆိုလျှင်မူကား အဘယ်ကြောင့်ရိုက်သနည်း ဟု မိန့်တော်မူ၏။
  • 24 ထိုနောက်အန္နတ်သည် ကိုယ်တော်ကိုတုပ်နှောင်သည့်အတိုင်း ပရောဟိတ်မင်းကာယဖထံပို့လိုက်၏။
  • 25 ထိုအခါ ရှိမုန်ပေတရုသည်မီးလှုံလျက်ရပ်နေခိုက် သင်လည်းသူ့တပည့်တို့ အပေါင်းပါလောဟုမေးကြသော် ငါမဟုတ်ဟုငြင်းဆိုပြီးနောက်၊
  • 26 ပေတရုခုတ်၍ နားရွက်ပြတ်သူနှင့်ဆွေမျိုးဖြစ်သော ပရောဟိတ်မင်း၏ကျွန်တစ်ယောက်က သူနှင့်အတူဥယျာဉ်တွင် သင့်ကိုငါမြင်ခဲ့သည်မဟုတ်လောဟု မေးရာ၌၊
  • 27 ပေတရုငြင်းဆိုပြန်သည်နှင့်တစ်ပြိုင်နက် ကြက်တွန်လေ၏။
  • 28 ထိုနောက်နံနက်စောစောအချိန် ယေရှုကို ကာယဖမင်းထံမှပရဲတောရိခေါ်ရုံးတော်သို့ ယူသွားကြရာ၊ ထိုသူတို့သည် မသန့်ရာရောက်သဖြင့် ပသခါပွဲကိုမစားရမည်စိုး၍ ရုံးတော်တွင်းသို့ မဝင်ဘဲနေကြသောကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်သွားလျက်၊
  • 29 ဤသူ့အပေါ်တွင် မည်သို့စွဲချက်တင်ကြသနည်းဟုမေးသော်၊
  • 30 ထိုသူသည် ဆိုးသွမ်းမှုမပြုလျှင် မင်းကြီးထံကျွန်တော်တို့ပို့အပ်မည်မဟုတ်ပါဟု ပြန်လျှောက်ကြ၏။
  • 31 ပိလတ်မင်းကလည်း သူ့ကိုယူ၍ သင်တို့တရားအတိုင်း ကိုယ်တိုင်စီရင်ဆုံးဖြတ်ကြလော့ဟုဆိုရာ၊ ကျွန်တော်တို့သည် မည်သူ့ကိုမျှသေဒဏ်ပေးခွင့်မရှိပါဟု ယုဒလူမျိုးတို့ပြန်လျှောက်ကြ၏။
  • 32 ထိုသို့လျှောက်ခြင်းကား မည်သို့အသေခံတော်မူရမည်ကို ယေရှုမိန့်ဆိုဖော်ပြတော်မူခဲ့သည့်အတိုင်း ပြည့်စုံစေခြင်းငှါတည်း။
  • 33 ထိုအခါ ပိလတ်မင်းသည်ရုံးတော်အတွင်းပြန်ဝင်ပြီးလျှင် ယေရှုကိုခေါ်လျက် သင်သည် ယုဒလူမျိုးတို့ဘုရင်လောဟုမေးသော်၊
  • 34 ယေရှုက သင့်အလိုအလျောက်ဤသို့မေးသလော။ ငါ့အကြောင်းကိုသူတစ်ထူးတို့ လျှောက်ကြသောကြောင့်လောဟု ပြန်၍မေးတော်မူရာ၊
  • 35 ပိလတ်မင်းက ငါသည်ယုဒလူမျိုးလော။ သင့်လူမျိုးတို့နှင့်ပရောဟိတ်ကြီးတို့သည် သင့်ကိုငါ့ထံပို့အပ်ကြပြီ။ မည်သို့ပြုဘိသနည်းဟုမေးပြန်လျှင်၊
  • 36 ယေရှုက ငါ့နိုင်ငံသည်ဤလောကနှင့်မစပ်ဆိုင်၊ စပ်ဆိုင်ခဲ့မူငါသည်ယုဒလူမျိုးတို့ လက်သို့မရောက်စေခြင်းငှါ ငါ့ဘက်သားတို့တိုက်လှန်ကြလေပြီ။ ငါ့နိုင်ငံကား ဤမှာမဟုတ်ဟုမိန့်တော်မူ၏။
  • 37 သို့ဖြစ်လျှင် သင်သည်ဘုရင်မင်းလောဟု ပိလတ်မင်းမေးသည့်ကာလ ယေရှုက ငါသည် သင်ဆိုသည့်အတိုင်းဘုရင်မင်းတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန်၊ ထိုသို့သောအဖြစ်ဖြင့်ဖွားမြင်ခြင်းကိုခံ၍ ဤလောကသို့ရောက်လာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သူတိုင်း၊ ငါ့စကားကိုနာယူတတ်သည်ဟု ပြန်၍မိန့်တော်မူရာ၊
  • 38 ပိလတ်မင်းက သမ္မာတရားဆိုသော် မည်သို့နည်းဟုမေးပြီးလျှင် ယုဒလူမျိုးတို့ရှိရာသို့ထွက်ပြန်၍ ထိုသူ၌ ပြစ်မှုကိုငါမတွေ့။
  • 39 သို့ရာတွင်ပသခါပွဲအခါ အကျဉ်းသားတစ်ယောက်ကိုငါလွှတ်မြဲရှိ၏။ ယုဒလူမျိုးတို့ ဘုရင်ကိုလွှတ်စေလိုသလောဟု ပြောဆိုမေးမြန်းသော် ထိုသူ့ကိုမဟုတ်။
  • 40 ဗာရဗ္ဗကိုလွှတ်ပါဟုပြန်ဟစ်ကြ၏။ ဗာရဗ္ဗကား၊ ဓားပြတည်း။
回到本卷目录 回到本版本目录 回到首页