ရှင်ယောဟန်-5

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထိုနောက် ယုဒလူမျိုးတို့ပွဲကျသဖြင့် ယေရှုသည်ယေရုရှလင်မြို့သို့ ကြွတော်မူ၏။
  • 2 ယေရုရှလင်မြို့တွင် သိုးတံခါးအနီး မုတ်ငါးဆောင်ရှိသောဟေဗြဲဘာသာဖြင့် ဗေသေသဒခေါ် ရေကန်ရှိ၏။
  • 3 ထိုမုတ်ဆောင်များတွင် မျက်မမြင်သူ၊ ခြေဆွံ့သူ၊ အင်္ဂါသေခြောက်သူမှစသောသူနာအမြောက်အမြားတို့သည် ရေလှုပ်ရှားခြင်းကိုစောင့်စားလျက် ပက်လက်နေကြသည်မှာ၊
  • 4 စေတမန်တော်တစ်ပါးသည် ထိုရေကန်သို့အကြိမ်ကြိမ်ဆင်းလာလျက် လှုပ်ရှားသဖြင့်၊ မည်သည့်ရောဂါမဆိုစွဲကပ်သူတိုင်း လှုပ်ရှားခိုက်ဦးစွာဆင်းမိလျှင် ကျန်းမာသတည်း။
  • 5 သုံးဆယ့်ရှစ်နှစ်တိုင် နာလျက်နေသောလူတစ်ယောက်သည်၊
  • 6 ထိုသို့ပက်လက်နေသည်ကို ယေရှုမြင်တော်မူ၍ ကာလရှည်ကြာစွာနာကြောင်းသိသဖြင့် ကျန်းမာလိုသလောဟု မေ:တော်မူသော်၊
  • 7 သူနာက အရှင်ဘုရား၊ ရေလှုပ်ရှားခိုက် ကျွန်တော့်ကိုရေကန်ထဲသို့ချပေးသူမရှိပါ။ ဆင်းမည်ပြုတိုင်း တစ်ယောက်ယောက်အရင်ဆင်းတတ်ပါသည်ဟု ပြန်လျှောက်သည့်ကာလ၊
  • 8 ယေရှုက ထလော့၊ အိပ်ရာကိုဆောင်၍သွားလော့ဟု မိန့်တော်မူလျှင်မူချင်း၊
  • 9 ထိုသူသည် ကျန်းမာသဖြင့်၊ အိပ်ရာကိုဆောင်၍သွားလေ၏။
  • 10 ထိုနေ့သည် ဥပုသ်နေ့ဖြစ်သောကြောင့် ကျန်းမာရသူအားယုဒလူမျိုးတို့က ယနေ့ဥပုသ်နေ့ဖြစ်သည်။ အိပ်ရာကိုမဆောင်အပ်ဟု ဆိုကြရာ၊
  • 11 ကျွန်တော့်ကို ကျန်းမာစေသူက၊ အိပ်ရာကိုဆောင်၍သွားလော့ဟု အမိန့်ရှိကြောင်းပြန်ပြောသော်၊
  • 12 အိပ်ရာကို ဆောင်၍သွားခွင့်ပေးသူကား မည်သူနည်းဟုမေးကြ၏။
  • 13 ထိုအရပ်တွင် လူပရိသတ်ထူထပ်သည်နှင့် ယေရှုကွယ်ကြွတော်မူပြီးဖြစ်သောကြောင့် ရောဂါကင်းပျောက်သူသည် မည်သူမှန်းမသိချေ။
  • 14 ထိုနောက်ယေရှုသည် ဗိမာန်တော့်အတွင်းထိုသူ့ကိုတွေ့ရာ သင်ကျန်းမာလေပြီ။ ထိုထက်ကြီးလေးသောအပြစ်ဒဏ်သင့်မည်ကိုစိုး၍ နောက်ထပ်မပြစ်မှားလင့်ဟုမိန့်တော်မူသည်နှင့် ထိုသူထွက်သွား၍၊
  • 15 ကျန်းမာစေသူမှာ ယေရှုဖြစ်ကြောင်းယုဒလူမျိုးတို့အားကြားပြောလေ၏။
  • 16 သို့နှင့်အညီ ဥပုသ်နေ့၌ထိုအမှုအရာများကိုပြုတော်မူသည့်အတွက် ယုဒလူမျိုးတို့သည်ယေရှုကို ဒုက္ခရှာကြရာ၊
  • 17 ယေရှုက ငါ့ခမည်းတော်သည် ယခုတိုင်ပင်လုပ်ဆောင်တော်မူသည့်နည်းတူ ငါလည်းလုပ်ဆောင်သည်ဟု ပြန်၍မိန့်တော်မူသည့်အတိုင်း ဥပုသ်နေ့ကိုဖျက်သည့်ပြင်၊
  • 18 ဘုရားသခင်ကို ကိုယ့်အဘဟုခေါ်လျက် ကိုယ်ကိုဘုရားသခင်နှင့်ဂုဏ်ရည်တူထားသောကြောင့် အသေသတ်ခြင်းငှါတိုး၍ရှာကြံကြ၏။
  • 19 ထို့ကြောင့်ယေရှုက ငါဧကန်အမှန်ဆိုသည်ကား ခမည်းတော်ပြုတော်မူသည်ကိုမြင်ရသမျှပြင် သားတော်သည် ကိုယ့်အလိုအလျောက်ပြုနိုင်သည်မဟုတ်။ ခမည်းတော်ပြုတော်မူသည့်အတိုင်းသာ သားတော်ပြုရ၏။
  • 20 ခမည်းတော်သည် သားတော်ကိုချစ်၍ ကိုယ်တော်တိုင်ပြုတော်မူသမျှကိုပြသတော်မူ၏။ သင်တို့အံ့သြရစေခြင်းငှါ ယခုထက်ကြီးမြတ်သောအမှုများကိုလည်း သားတော်အားပြသတော်မူသည်မှာ၊
  • 21 ခမည်းတော်သည် သူသေတို့ကိုထမြောက်၍ရှင်စေတော်မူသည့်နည်းတူ သားတော်လည်း အလိုရှိသူတို့ကိုရှင်စေတော်မူသတည်း။
  • 22 ခမည်းတော်ကိုရိုသေကျိုးနွံကြသည့်နည်းတူ သားတော်ကိုလူခပ်သိမ်းတို့ရိုသေကျိုးနွံစေခြင်းငှါ ခမည်းတော်သည် မည်သူ့ကိုမျှစီရင်ဆုံးဖြတ်တော်မမူဘဲဆုံးဖြတ်ပိုင်ခွင့်ကို သားတော်အားလုံးဝအပ်ပေးတော်မူပြီ။ သားတော်ကိုမရိုသေမကျိုးနွံသူသည် စေလွှတ်တော်မူလိုက်သောခမည်းတော်ကို မရိုသေမကျိုးနွံရာရောက်၏။
  • 23
  • 24 ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့စကားကိုကြားနာ၍ စေလွှတ်တော်မူလိုက်သောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရသဖြင့် စီရင်ဆုံးဖြတ်မခံရ။ သေခြင်းအနေမှ ရှင်ခြင်းအနေသို့ကူးပြောင်းပြီးသူဖြစ်၏။
  • 25 ငါဧကန်ဆိုပြန်သည်ကား၊ ဘုရားသခင့်သားတော်၏မိန့်ခွန်းသံကို သူသေတို့ကြားရမည့်အချိန်၊ ကြားသူတိုင်း အသက်ရှင်ရမည့်အချိန်ကာလရောက်တော့မည်။ ယခုပင်ရောက်လေပြီ။
  • 26 အသို့ဆိုသော်၊ ခမည်းတော်သည် အလျောက်ဘာသာအသက်တည်သကဲ့သို့ သားတော်အားလည်းအလျောက်ဘာသာတည်ရခွင့်ပေးတော်မူသည့်ပြင်၊
  • 27 လူ့သားဖြစ်သောကြောင့် စီရင်ဆုံးဖြတ်ခွင့်အာဏာကိုလည်း အပ်ပေးတော်မူလေပြီ။
  • 28 ဆိုခဲ့ရာကိုအံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းဂူများ၌ရှိနေသူခပ်သိမ်းပင် သားတော်၏မိန့်ခွန်းသံကို ကြားသဖြင့် ကောင်းမွန်စွာပြုကျင့်ခဲ့သူတို့မှာ၊
  • 29 အသက်ခံစားရာရှင်ပြန်ထမြောက်ခြင်းအဖြစ်သို့လည်းကောင်း၊ ယုတ်မာစွာပြုကျင့်ခဲ့သူတို့မှာ စီရင်ဆုံးဖြတ်ခံရာရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း၊ ထွက်လာရမည့်အချိန်ကာလ ရောက်တော့မည်။
  • 30 ငါသည်ကိုယ့်အလိုအလျောက်မည်သည်ကိုမျှမပြုနိုင်။ ကြားနာရသည့်အတိုင်းသာ စီရင်ဆုံးဖြတ်ရ၏။ ကိုယ့်အလိုကိုမရှာ။ စေလွှတ်တော်မူလိုက်သောအရှင်၏ အလိုကိုသာရှာသောကြောင့်၊ ငါ့စီရင်ချက်ဖြောင့်မှန်၏။
  • 31 ကိုယ့်အကြောင်းကိုသက်သေခံလျှင် ငါ့သက်သေခံချက်မတည်။
  • 32 ငါ့အကြောင်းကိုသက်သေခံရှိသေးသည့်အလျောက် ထိုအရှင့်သက်သေခံချက်တည်ကြောင်း ငါသိ၏။
  • 33 ငါသည်လူတို့ထံမှသက်သေကို မခံယူသော်လည်း ကယ်တင်တော်မူရာရောက်ကြစေခြင်းငှါ သင်တို့အား ငါသတိပေးသည်မှာ တောက်လောင်သောမီးရှူးသဖွယ်ဖြစ်သူထိုအလင်းကြောင့် ကာလအတန်ငယ် ကိုယ်တိုင်ရွှင်လန်းနှစ်သက်ကြသူယောဟန့်ထံ သင်တို့စေလွှတ်ကြသော် ဟုတ်မှန်ခြင်းအကြောင်းထိုသူသက်သေခံ၏။
  • 34
  • 35
  • 36 သို့သော်လည်း ငါ၌ယောဟန်၏သက်သေထက်ကြီးမြတ်သောသက်သေရှိသေး၏။ ငါဆောင်ရွက်ပြီးစီးစေရန်ခမည်းတော်လွှဲအပ်တော်မူ၍ ငါဆောင်ရွက်သောအမှုများကပင် ငါ့ကိုခမည်းတော်စေလွှတ်တော်မူလိုက်ကြောင်း သက်သေခံ၏။
  • 37 ငါ့ကိုစေလွှတ်တော်မူလိုက်သောခမည်းတော်လည်း ငါ့အကြောင်းကိုသက်သေခံတော်မူပြီ။ သင်တို့မှာမူ စေလွှတ်တော်မူသောသူ့ကိုမယုံကြသောကြောင့် မိန့်ခွန်းတော်သံကိုကြားနာရာ ပုံသဏ္ဌာန်တော်ကိုဖူးမြင်ရာ၊ ဗျာဒိတ်တော်ကိုစွဲမြဲရာ ရောက်ကြပြီမဟုတ်။
  • 38
  • 39 ကျမ်းစာများဖြင့် ထာဝရအသက်ကိုရသည်ဟုထင်မှတ်သောကြောင့်၊ ငါ့အကြောင်းသက်သေခံသော ထိုကျမ်းများကို ရှာဖွေတတ်ကြသော်လည်း၊
  • 40 အသက်ကိုရခြင်းငှါ ငါ့ထံသို့မလာလိုကြ။
  • 41 ငါသည်လူတို့အချီးအမွမ်းကို မခံမယူ။
  • 42 သင်တို့၌ ဘုရားသခင်အားချစ်ခြင်းမေတ္တာမရှိကြောင်းငါသိသည်မှာ၊
  • 43 ခမည်းတော်၏နာမတော်နှင့်ငါရောက်လာသော် သင်တို့လက်မခံကြ။ ကိုယ့်နာမနှင့်အခြားသူ ရောက်လာလျှင် လက်ခံကြလိမ့်တကား။
  • 44 အချင်းချင်းအချီးအမွမ်းခံယူ၍ တစ်ဆူတည်းသောဘုရားသခင့်ထံ အချီးအမွမ်းကို မရှာသောသင်တို့သည် မည်သို့ယုံကြည်နိုင်သနည်း။
  • 45 ခမည်းတော်ထံ၌ သင်တို့ကိုငါအပြစ်စွဲဆိုမည်မထင်ကြနှင့်။ အပြစ်စွဲဆိုသူမှာ သင်တို့အားကိုးသော မောရှေပင်တည်း။
  • 46 အသို့ဆိုသော် ငါ့အကြောင်းကိုရေးထားသောမောရှေကိုယုံခဲ့လျှင် ငါ့ကိုယုံကြလေပြီ။
  • 47 မောရှေရေးသားချက်များကို မယုံလျှင်မူကား ငါ့စကားကိုမည်သို့ယုံကြမည်နည်းဟု မိန့်တော်မူ၏။
回到本卷目录 回到本版本目录 回到首页