1
ယေရှုကိုယ်တိုင်ဗတ္တိဇံမင်္ဂလာမပေးသော်လည်း တပည့်တော်တို့ပေးကြသဖြင့် ယောဟန်ထက်များပြားစွာ တပည့်တော်ဖြစ်စေလျက် ဗတ္တိဇံမင်္ဂလာပေးကြောင်း ဖာရိရှဲတို့ကြားကြသည်ကို အရှင်ဘုရားသိတော်မူသော်၊
2
3
ယုဒနယ်မှထွက်ခွာ၍ ဂါလိလဲနယ်သို့ပြန်ကြွတော်မူ၏။
4
ရှမာရိနယ်ကို ဖြတ်ကြွတော်မူရသည့်အလျောက်၊
5
သားယောသပ်အား ယာကုပ်ပေးခဲ့သောမြေကွက်အနီး ရှုခါခေါ်ရှမာရိမြို့တစ်မြို့သို့ရောက်တော်မူသော်၊
6
ထိုအရပ်၌ ယာကုပ်၏စမ်းတွင်းရှိသည်နှင့် ယေရှုသည် ခရီးပန်းသောကြောင့် စမ်းတွင်းအနီးရောက်သည့်အတိုင်း ထိုင်တော်မူ၏။
7
ထိုအခါ ခြောက်နာရီခန့်ဖြစ်လျက် ရေခပ်ခြင်းငှါရှမာရိမိန်းမတစ်ဦးရောက်လာသော် ယေရှုက သောက်ရန်ပေးပါဟု တောင်းဆိုတော်မူ၏။
8
တပည့်တော်တို့ကား အစားအစာဝယ်ရန် မြို့ထဲသို့သွားနှင့်ကြသတည်း။
9
သို့နှင့်အညီယုဒလူမျိုးတို့သည် ရှမာရိလူမျိုးတို့နှင့်ပေါင်းသင်းလေ့မရှိသည်ကိုထောက်၍ ထိုရှမာရိမိန်းမက၊ အရှင်သည်ယုဒလူမျိုးဖြစ်လျက် ရှမာရိမိန်းမဖြစ်သောကျွန်မထံ အသို့သောက်ရေတောင်းသနည်းဟုမေးရာ၊
10
ယေရှုက သင်သည်ဘုရားသခင့်ဆုကျေးဇူးတော်ကိုလည်းကောင်း၊ သောက်ရန်ပေးပါဟုတောင်းဆိုသူ မည်သူမှန်းကိုလည်းကောင်းသိခဲ့လျှင် ထိုသူ့ထံတောင်းမည်။ သူလည်းအသက်ရေကိုပေးလေပြီဟု ပြန်၍မိန့်တော်မူသော်၊
11
အရှင်၊ ကိုယ်တော်၌ရေငင်ရန်မရှိပါ။ ရေတွင်းလည်းနက်လှပါသည်။ ထိုအသက်ရေကို အဘယ်ကရပါအံ့နည်း။
12
သားများ၊ သိုးနွားများနှင့်တကွဤရေတွင်းကိုသုံးသောက်၍ အကျွန်ုပ်တို့အားပေးခဲ့သော အဘယာကုပ်ထက် အရှင်ကြီးမြတ်ပါသလောဟုမေးလေ၏။
13
ထိုအခါယေရှုက ဤရေကိုသောက်သူတိုင်းရေငတ်ဦးမည်။
14
ငါပေးမည့်ရေကိုသောက်သူတိုင်းမူကား ကာလအစဉ်ရေငတ်တော့မည်မဟုတ်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်အဖို့ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု ပြန်၍မိန့်တော်မူသည့်ကာလ၊
15
ထိုမိန်းမက အရှင်၊ ကျွန်မသည်ရေမငတ်စေရန်လည်းကောင်း၊ ဤတွင်းသို့ရေခပ်မလာရစေရန်လည်းကောင်း၊ ထိုရေကို သနားတော်မူပါဟု လျှောက်သော်၊
16
သွားလော့။ လင်ကိုခေါ်၍ပြန်လာလော့ဟု မိန့်တော်မူသဖြင့်၊
17
လင်မရှိပါဟုပြန်လျှောက်၏။ ယေရှုက လင်မရှိဟုသင်ဆိုသည်မှာမှန်၏။
18
လင်ငါးယောက်ရှိဖူးခဲ့ပြီ။ ယခုသင်နှင့်ရှိသူမှာလင်မဟုတ်။ ဤအရာ၌မှန်ကန်စွာ သင်ပြောလေပြီဟုမိန့်တော်မူသော်၊
19
ထိုမိန်းမက၊ အရှင်၊ ကိုယ်တော်သည်ပရောဖက်ဖြစ်မှန်းကျွန်မသိပါပြီ။
20
အကျွန်ုပ်တို့၏ဘိုးဘေးများလည်း ဤတောင်ပေါ်တွင်ကိုးကွယ်တတ်ကြသည်။ လူတို့ကိုးကွယ်သင့်သောဌာနမှာ ယေရုရှလင်မြို့တွင်ဖြစ်ကြောင်း၊ ကိုယ်တော်တို့ ဆိုတတ်ကြပါသည်ဟုလျှောက်သည့်ကာလ၊
21
ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်တွင်မဟုတ်။ ယေရုရှလင် မြို့တွင်လည်းမဟုတ်ဘဲ ခမည်းတော်ကိုသင်တို့ကိုးကွယ်ရမည့် အချိန်ကာလရောက်တော့မည်။ သင်တို့သည် ကိုယ်မသိရာကိုကိုးကွယ်ကြ၏။
22
ငါတို့မူကား၊ ယုဒလူမျိုးမှကယ်တင်ခြင်းဖြစ်လာသည့်အလျောက် ကိုယ်သိရာကိုကိုးကွယ်ကြ၏။
23
သို့ရာတွင် စင်စစ်ကိုးကွယ်သူတို့သည်ခမည်းတော်ကိုစိတ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်ကာလရောက်တော့မည်။ ယခုပင်ရောက်လေပြီ။ ထိုသို့သဘောရှိသူတို့ကို ကိုယ်တော်အားကိုးကွယ်သူအဖြစ် ခမည်းတော်ရှာတော်မူ၏။
24
ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူသည့်အတိုင်း၊ ကိုးကွယ်သူတို့လည်း စိတ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏။
25
ထိုမိန်းမကလည်း ခရစ်တော်ခေါ်မေရှိပေါ်ထွန်းတော်မူကြောင်း ကျွန်မသိပါပြီ။ ပေါ်ထွန်းတော်မူသော် အရာခပ်သိမ်းကိုအကျွန်ုပ်တို့အား ဖော်ပြတော်မူလိမ့်မည်ဟုဆိုရာ၊
26
ယေရှုက သင့်အားပြောဆိုလျက်နေသောငါပင်တည်းဟု မိန့်တော်မူ၏။
27
ထိုအခါ တပည့်တော်တို့ ပြန်ရောက်ရာ မိန်းမတစ်ယောက်နှင့်ပြောဆိုတော်မူသည်ကို အံ့သြကြသော်လည်း၊ မည်သည့်အလိုတော် မည်သည့်အကြောင်းကြောင့် ထို မိန်းမနှင့်ပြောဆိုတော်မူကြောင်းများကို မည်သူမျှမမေးမလျောက်ဝံ့ချေ။
28
မိန်းမလည်း ရေအိုးကိုထားခဲ့၍ မြို့တွင်းသို့ဝင်သွားပြီလျှင်၊
29
ကျွန်မပြုခဲ့ဘူးသမျှဖော်ပြသူတစ်ပါးကို လာ၍ကြည့်ကြပါ။ ထိုသူသည်ခရစ်တော်မဟုတ်လောဟု မြို့သားတို့အားဆိုသော်၊
30
ထိုသူတို့သည် မြို့တွင်းမှထွက်၍ အထံတော်သို့လာကြ၏။
31
မရောက်ကြသေးမီ တပည့်တော်တို့က ဆရာတော်၊ စားတော်ခေါ်ပါဟုတောင်းပန်ကြရာ၊
32
ကိုယ်တော်က ငါ၌သင်တို့မသိသော သုံးဆောင်ရန်အာဟာရရှိသည်ဟု မိန့်တော်မူသည်ဖြစ်၍၊
33
စားတော်ခေါ်ရန် တစ်စုံတစ်ယောက်ပို့လာသလောဟု တပည့်တော်တို့အချင်းချင်းမေးမြန်းကြသော်၊
34
ကိုယ်တော်က ငါ့အာဟာရမှာ ငါ့ကိုစေလွှတ်လိုက်သောအရှင်၏အလိုတော်ကိုဆောင်ရွက်၍ အမှုတော်ကိုပြီးစီးစေခြင်းတည်း။
35
သင်တို့က ယခုလေးလလိုသေး၏။ လွန်မှရိတ်သိမ်းချိန်တိုင်မည်ဟု ဆိုရိုးရှိသည်မဟုတ်လော။ လယ်ယာများကိုမြော်၍ရှုမှတ်ကြလော့။
36
ရိတ်သိမ်းရန် ဝင်းလှပြီတကား။ စိုက်သူနှင့်ရိတ်သူသည် အတူဝမ်းမြောက်ခွင့်ရအံ့သောငှါ၊ ထာဝရအသက်အဖို့ အသီးအနှံစုသွင်းလျက် အခရလေပြီ။
37
ထိုအတိုင်း တစ်ဦးစိုက်ပျိုး၍တစ်ဦးရိတ်သိမ်းသည်ဆိုသောစကားမှာ အမှန်ကျသတည်း။
38
သင်တို့မလုပ်မကိုင်သောအရာကို ရိတ်သိမ်းကြရန်ငါစေလွှတ်လိုက်၏။ သူတစ်ထူးတို့လုပ်ကိုင်ကြပြီ။ ၎င်းတို့လုပ်ငန်းသို့ သင်တို့ဝင်စားရကြသည်ဟုမိန့်တော်မူ၏။
39
ထိုမြို့နေ ရှမာရိလူမျိုးအများတို့သည် ကျွန်မပြုခဲ့ဖူးသမျှကိုဖော်ပြသည်ဟု သက်သေခံသောမိန်းမ၏စကားကြောင့် ကိုယ်တော်ကိုယုံကြသည်ဖြစ်၍ အထံတော်သို့ရောက်လာကြသော်၊
40
သူတို့ထံတည်းနေတော်မူပါမည့်အကြောင်း တောင်းပန်ကြသဖြင့် နှစ်ရက်တည်းတော်မူရာ၊
41
အခြားသူအများတို့လည်း ကိုယ်တော်၏ဒေသနာတော်ကြောင့် ယုံကြည်ကြသည့်အတိုင်း၊
42
ထိုမိန်းမအား ယခုငါတို့ယုံကြည်သည်မှာသင့်စကားကြောင့်မဟုတ်။ ကိုယ်တိုင်ကြားနာရ၍ ဤလောကသားတို့ကိုကယ်တင်ပိုင်ရှင်မုချဖြစ်ကြောင်းသိပြီဟု ဝန်ခံကြ၏။
43
ထိုနှစ်ရက်လွန်သော် ၎င်းအရပ်မှထွက်၍ ကိုယ့်နေရာတွင် ပရောဖက်၌ဂုဏ်အသရေမရှိတတ်ဟု ယေရှုကိုယ်တော်တိုင် မိန့်ဆိုတော်မူခဲ့သည့်အတိုင်း ဂါလိလဲနယ်သို့ကြွသွားလျက် ရောက်တော်မူသော်၊
44
45
ထိုနယ်သူနယ်သားတို့သည် ယေရုရှလင်မြို့ပွဲတော်သို့သွား၍ ပွဲအတွင်းပြုတော်မူသမျှကိုမြင်ခဲ့ကြသဖြင့် ကိုယ်တော်ကိုလက်ခံကြ၏။
46
သို့နှင့်အညီ၊ ရေကိုစပျစ်ရည်ဖြစ်စေတော်မူခဲ့ရာ ဂါလိလဲနယ်ကာနမြို့သို့ တဖန်ကြွ ရောက်တော်မူပြီးနောက်၊ ကပေရနောင်မြို့တွင် သားနာလျက်ရှိသောမှူးမတ်တစ်ယောက်သည်၊
47
ယုဒနယ်မှ ဂါလိလဲနယ်သို့ယေရှုကြွရောက်တော်မူကြောင်းကြားသော် အထံတော်သို့သွားပြီးလျှင်၊ သေအံ့ဆဲသားကို ကြွလာ၍ကျန်းမာစေတော်မူပါမည့်အကြောင်း တောင်းပန်၏။
48
ထိုအခါ ယေရှုက၊ သင်တို့သည်နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ရာများကိုမမြင်ရလျှင်၊ အလျှင်းယုံကြမည်မဟုတ်ဟုမိန့်တော်မူရာ၊
49
မှူးမတ်က အရှင်ဘုရား၊ အကျွန်ုပ်၏သားမသေမီကြွတော်မူပါဟု လျှောက်သော်၊
50
ယေရှုက သွားတော့၊ သင့်သားအသက်ရှင်ပြီဟု မိန့်တော်မူ၏။ ထိုသူသည် ယေရှု မိန့်တော်မူသည့်စကားကိုယုံလျက် ထွက်သွားပြီးနောက်၊
51
ခရီးအကြား ကြိုဆိုလာသောကျွန်တို့က အရှင့်သားအသက်ရှင်ကြောင်း လျှောက်ထားကြရာ၊
52
သက်သာချိန်ကို မေးမြန်းသော်၊ ယမန်နေ့ခုနစ်နာရီအချိန် အဖျားကင်းပျောက်ပါသည်ဟု ပြန်လျှောက်ကြသဖြင့်၊
53
သင့်သားအသက်ရှင်ပြီဟု ထိုအချိန်တွင်ပင်ယေရှုမိန့်တော်မူသည်ကို အဘသိ၍ ကိုယ်တိုင်မှစသောတစ်အိမ်ထောင်လုံးယုံကြည်ကြ၏။
54
ယုဒနယ်မှဂါလိလဲနယ်သို့ ယေရှုထွက်ကြွလာရောက်တော်မူပြီးလျှင် ပြတော်မူသောဒုတိယနိမိတ်လက္ခဏာမှာ ထိုသို့ပင်တည်း။